၂ ဖေဖော်ဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ ဟံသာဝတီ၊ ရန်ကုန်နှင့် ရခိုင်အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက စစ်ကိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သော်လည်း စစ်ကိုင်းအသင်း၏ တုံ့ပြန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ ရန်ကုန်အသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သလို ဒဏ်ရာမှပြန်ကောင်းလာသည့် ငြိမ်းချမ်းအောင် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ကျေနပ်စရာဖြစ်ခဲ့သည်။ စစ်ကိုင်းအသင်းမှာမူ နှစ်ပွဲဆက် အရေးနိမ့်ခဲ့ပြီး အသင်းကြီးများနှင့် ဆက်တိုက်တွေ့ဆုံနေသောကြောင့် ရလဒ်ကောင်းရန် ရုန်းကန်နေရသည်။
နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး စစ်ကိုင်းအသင်းမှာမူ အထောင်တိုက်စစ်မှူး ပက်ထရစ်ကို ဒုတိယပိုင်းမှ အသုံးပြုခဲ့သည်။ ရန်ကုန်အသင်းသည် နိုင်ပွဲရယူနိုင်ရန် တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း ပထမပိုင်းကစားပုံမှာ လိုအပ်ချက်များရှိနေ၍ ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ အီမန်နျူရယ်၏ အဝေးကန်ချက် ဘားထိထွက်ခဲ့သလို ဂိုးရနိုင်သည့်အခွင့်အရေးအချို့ကိုလည်း အသုံးမချနိုင်၍ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ ပထမပိုင်းတွင် စစ်ကိုင်းအသင်းသည် တန်ပြန်တိုက်စစ်ကိုသာ ဦးစားပေးကစားခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက အနိုင်ဂိုးရရန် တိုက်စစ်မြင့်လာပြီး ၅၇ မိနစ်တွင် ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်က အဝေးကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် စစ်ကိုင်းအသင်း ချေပဂိုးရရန် ကြိုးစားလာသလို ရန်ကုန်အသင်းကလည်း ဂိုးမပေးရရန်အပြင် ဂိုးထပ်မံရရှိရေးအတွက်ပါ ကြိုးပမ်းခဲ့သည်။ ရန်ကုန်အသင်းအတွက် ဒုတိယဂိုးကို ပွဲပြီးခါနီးတွင် ရှိုရီက သွင်းယူခဲ့သည်။
ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက Southern အသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် ယခုရာသီတွင် ပုံစံကောင်းပြသနေပြီး လေးပွဲဆက်အနိုင်ရခဲ့သလို ဂိုးပြတ်နိုင်ပွဲပါ ရရှိခဲ့သည်။ Southern အသင်းမှာမူ လေးပွဲဆက်အရှုံးကြောင့် ဖိအားပိုများသွားခဲ့သည်။ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးများကို အီမီကာ ၁၁၊ ၂၁၊ ၈၈ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး ကျန်ဂိုးများကို ၄၉ မိနစ်တွင် အောင်မိုးထွေးနှင့် မိနစ် ၇၀ တွင် ဒိုနယ်က သွင်းယူခဲ့သည်။ ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် သုံးပွဲဆက်အနိုင်ရခဲ့ပြီး အနိုင်ဂိုးကို မိနစ် ၅၀ တွင် ကောင်းမြတ်ကျော်က သွင်းယူခဲ့သည်။ ရတနာပုံအသင်းမှာမူ ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ပွဲစဉ် (၄) အပြီးတွင် ဟံသာဝတီအသင်းက ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ၁၀ မှတ်စီ၊ ရခိုင်အသင်းက ကိုးမှတ်၊ ရှမ်းယူနိုက်တက်အသင်းက ခြောက်မှတ်၊ ရတနာပုံနှင့် မကွေးအသင်းက ငါးမှတ်စီ၊ စစ်ကိုင်းအသင်းက လေးမှတ်၊ ချင်းယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းက သုံးမှတ်စီ၊ ဇွဲကပင်အသင်းက တစ်မှတ်ရရှိထားကာ Southern အသင်းမှာမူ လေးပွဲဆက်ရှုံးပြီး အမှတ်မရသေးပေ။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်