ရန်ကုန် ၂၇ ဧပြီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ပထမနေ့ကို ယနေ့ညနေပိုင်းက ဇွဲကပင်နှင့် မကွေးအသင်းတို့ နိုင်ပွဲပြန်လည်ရရှိခဲ့ကြသည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက Chinland အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Southern အသင်းကို ပွဲစဉ် (၂) တွင် အနိုင်ရပြီးကတည်းက ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသည့် ဇွဲကပင်အသင်းသည် ယခုပွဲတွင် နိုင်ပွဲပြန်ရခဲ့သောကြောင့် ဖိအားလျော့သွားခဲ့သည်။ တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေသည့် Chinland အသင်း၏ ကစားပုံကြောင့် ဇွဲကပင်အသင်း ခက်ခက်ခဲခဲကစားခဲ့ရသော်လည်း အမှတ်ပြည့်ရယူနိုင်ခဲ့သည်။

 

ပထမပိုင်းတွင် နှစ်သင်းစလုံး အားကုန်ထုတ်ကာ တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း အဆုံးသတ် အားနည်း မှုကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ ပွဲချိန် ၅၅ မိနစ်တွင် ဇွဲကပင်အသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ယင်းဂိုးမှာ ပွဲ၏အလှည့်အပြောင်းဖြစ်ခဲ့ကာ ပက်ထရစ်က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဇွဲကပင်အသင်း ကစားပုံပိုကောင်းလာပြီး ၇၇ မိနစ်တွင် အောင်ဇင်ဖြိုးက ခေါင်းတိုက်ပြီး ဒုတိယဂိုးထပ်သွင်းခဲ့သည်။

 

ပွဲပြီးခါနီး ၉၀+၁ မိနစ်တွင် တင့်အောင်ကျော်က Chinland အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့၍ သရေ အခွင့်အရေးမျှော်လင့်လာနိုင်သော်လည်း တစ်မိနစ်အကြာတွင် အောင်ဇင်ဖြိုးက ဇွဲကပင်အတွက် တတိယဂိုး ထပ်သွင်းခဲ့သောကြောင့် ဇွဲကပင်အသင်း အနိုင်သေချာခဲ့ခြင်း ဖြစ်သည်။

 

မုံရွာကွင်း၌ ကျင်းပသောပွဲတွင် မကွေးအသင်းက စစ်ကိုင်းအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရလဒ်ကောင်းနေသည့် စစ်ကိုင်းအသင်းအတွက် အထိနာသည့်ရှုံးပွဲဖြစ်ခဲ့ပြီး မကွေးအသင်းအတွက် အဖိုးတန်နိုင်ပွဲဖြစ်ခဲ့သည်။ ၃၁ မိနစ်တွင် ဒိုနယ်က စစ်ကိုင်းအတွက် ဂိုးစတင်သွင်းယူပြီး ၆၉ မိနစ်အထိ အနိုင်ရလဒ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း မိနစ် ၇၀ မှ ၈၈ မိနစ်အတွင်း လေးဂိုးပြန်ပေးခဲ့ရသည်။

 

မကွေးအသင်းအတွက် ချေပဂိုးကို မိနစ် ၇၀ တွင် ပြည်မိုးက ချေပဂိုးပြန်သွင်းကာ အနိုင်ဂိုးများကို မိနစ် ၈၀ တွင် ဇင်မင်းထွန်း၊ ၈၄၊ ၈၈ မိနစ်တွင် နိုင်နိုင်ကျော်တို့က သွင်းယူခဲ့သည်။

 

ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းနှင့် ဟံသာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ၃၄ မိနစ်တွင် ဆင်မြူရယ်က ရခိုင်အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး ၇၁ မိနစ်တွင် အောင်မျိုးသူရက ဟံသာဝတီအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။

 

ဒုတိယနေ့ကို ဧပြီ ၂၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ဒဂုံနှင့် ရန်ကုန်၊ ပုသိမ်ကွင်း၌ ဧရာဝတီနှင့် ရှမ်းယူနိုက်တက်၊ မော်လမြိုင်ကွင်း၌ Southern နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

သတင်း - ရဲရင့်ရှိုင်း