MNL ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ နိုင်ပွဲစတင်ရရှိ

တောင်ကြီး ၃၀ ဇွန် 

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်း တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက စစ်ကိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ 

 

အိမ်ကွင်းနှစ်ပွဲဆက်တိုက် သရေကျထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် စစ်ကိုင်းကို အနိုင်ယူပြီး ဖိအားလျော့သွားခဲ့သလို ဒုတိယနေရာကိုပါ ရယူပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းကို တစ်မှတ်အကွာခြင့် ဖိအားပေးနိုင်ခဲ့သည်။ စစ်ကိုင်းအသင်းသည် ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ပထမပိုင်းတွင် ထောင့်ကန်ဘောမှ နှစ်ဂိုးပေးလိုက်ရကာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး တိုက်စစ်အပြောင်းအလဲပြုလုပ်သည့်အနေဖြင့် တိုက်စစ်မှူး အီမန်နျူရယ်ကို အနားပေးကာ နာကာမူရာကိုထည့်ပြီး ကွင်းလယ်အသာစီးရရန် ကြိုးပမ်းခဲ့သည်။ စစ်ကိုင်းအသင်းမှာမူ အဓိက ကစားသမားများဖြစ်သည့် ဖရိုင်းဒေး၊ အောင်လှိုင်ဝင်းနှင့် ကောင်းဆက်နိုင်တို့ကို နောက်ပိုင်းမှအသုံးပြုခဲ့ပြီး အပြောင်းအလဲပြုလုပ်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၂၅ မိနစ်တွင် မက်ဆီမင်က ထောင့်ကန်ဘောကိုပိတ်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ကစားပုံပိုကောင်းလာပြီး ၃၅ မိနစ်တွင် နောက်ခံလူဝီလျံက ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ဒုတိယဂိုးသွင်းယူခဲ့သည်။ စစ်ကိုင်းအသင်းသည် မိနစ် ၃၀ ကျော်အတွင်း နှစ်ဂိုးပေးလိုက်ရသည့် စစ်ကိုင်းအသင်းသည် အောင်လှိုင်ဝင်းနှင့် ဖရိုင်းဒေးကိုထည့်ကာ တိုက်စစ်အားမြင့်သော်လည်း အိမ်ကွင်း၌ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးရနိုင်သည့်အခွင့်အရေးများ အပြန်အလှန်ရခဲ့သော်လည်း အသုံးမချနိုင်၍ ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ မိနစ် ၈၀ တွင် ရှမ်းဘယ်တောင်ပံကစားသမား နန္ဒကျော်၏ ပြစ်ဒဏ်ဘောကန်ချက် ဘားထိထွက်ခဲ့သလို ၈၁ မိနစ်တွင် စစ်ကိုင်းတိုက်စစ်မှူး ဒိုနယ်၏ အနီးကပ်ပိတ်သွင်းမှုမှာလည်း လွဲချော်ခဲ့သည်။

 

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ရတနာပုံအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မထင်မှတ်ဘဲ ဂိုးပြတ်သွားသည့်ပွဲဖြစ်ပြီး ဧရာဝတီအသင်းက အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် ဖိအားလျော့သွားသော်လည်း ရတနာပုံအသင်းမှာမူ ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးပြီး ဖိအားပိုများသွားခဲ့သည်။ ဧရာဝတီအသင်းသည် အိမ်ကွင်း၌ နိုင်ပွဲပြန်ရရန် ပွဲစကတည်းက တိုက်စစ်မြင့်ခဲ့သလို ရတနာပုံအသင်းကလည်း အပြန်အလှန်တိုက်စစ်ဆင်ခဲ့သည်။ သို့သော် ဧရာဝတီအသင်းက အခွင့်အရေးများ အသုံးချနိုင်ခဲ့၍ ဂိုးပြတ်သွားခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် ဂိုးများကို တိုက်စစ်မှူး မာတူနာက ၂၀၊ ၃၈၊ ၄၇ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး ကျန်အနိုင်ဂိုးများကို ၂၃ မိနစ်တွင် သီဟဇော်၊ ၇၈ မိနစ်တွင် အောင်ကောင်းမာန်တို့က သွင်းယူခဲ့သည်။ ရတနာပုံအတွက် ချေပဂိုးများကို ၂၅ မိနစ်တွင် သိန်းသန်းဝင်းနှင့် ၈၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဝင်းနိုင်ထွန်းတို့က သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းနှင့် ဒဂုံအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ 

 

ပွဲစဉ် (၁၄) အပြီးတွင် ရန်ကုန်အသင်းက ၂၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၂၆ မှတ်၊ ဟံသာဝတီအသင်းက ၂၅ မှတ်၊ ဧရာဝတီအသင်းက ၂၄ မှတ်၊ စစ်ကိုင်းအသင်းက ၂၃ မှတ်၊ ရတနာပုံအသင်းက ၂၁ မှတ်၊ ရခိုင်အသင်းက ရမှတ် ၂၀၊ ဇွဲကပင်အသင်းက ၁၅ မှတ်၊ ဒဂုံအသင်းက ၁၃ မှတ်၊ Southern အသင်းက ၁၂ မှတ်၊ မကွေးအသင်းက ၁၁ မှတ်၊ Chinland အသင်းက ကိုးမှတ်ရထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်