၁၂ ဇန်နဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်၊ ဟံသာဝတီနှင့် စစ်ကိုင်းအသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ချင်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီးရန်ကုန်အသင်းသည် အဖွင့်ပွဲတွင် အနိုင်ရခဲ့သော်လည်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နောက်ကျဂိုးကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။ MNL သို့ တစ်ကျော့ပြန် တန်းတက်လာသည့် ချင်းယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ရန်ကုန်အသင်းကို အခက်တွေ့အောင် လုပ်ပြနိုင်ခဲ့ပြီး နည်းပြသစ် ဦးအောင်ခိုင်လက်ထက်တွင် ပုံစံကောင်းပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ယခုရာသီတွင် အကောင်းဆုံးခြေစွမ်းရရန် ရုန်းကန်နေရဆဲဖြစ်ပြီး ပိုမိုကောင်းမွန်သည့် ခြေစွမ်းပြသနိုင်ရန် လိုအပ်နေသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ချာရတီဖလားပြိုင်ပွဲမှ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ကျော်ဇင်ထက်၊ သန်းပိုင်၊ ထိုက်ထိုက်အောင်၊ သိန်းသန်းဝင်း၊ မောင်မောင်လွင် အပါအဝင် နိုင်ငံခြားသားကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ တန်းတက်ချင်းယူနိုက်တက်အသင်းမှာလည်း နိုင်ငံခြားသားကစားသမားသုံးဦး အပါအဝင် MNL အတွေ့အကြုံရှိသည့် နေဝင်းအောင်၊ နန္ဒလင်းကျော်ချစ်၊ ဇန်ဘိုထွန်းတို့ဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းက ခြေအသာဖြင့် ကစားနိုင်သော်လည်း အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရပြီး ၂၄ မိနစ်မှ ဂိုးစတင်ရရှိခဲ့သည်။ ယင်းဂိုးကို သန်းပိုင်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးစတင်ရရှိခဲ့သော်လည်း ရန်ကုန်အသင်းသည် ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပထမပိုင်းပြီးခါနီးတွင် ဂိုးပြန်ပေးခဲ့ရသည်။ ချင်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ကျော်မင်းသန်းက ၄၅+၂ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ဒုတိယပိုင်းတွင် အနိုင်ဂိုးရရန် ခြေစွမ်းမပြနိုင်သည့် ဘာဖိုနေရာတွင် အီမန်နျူရယ်ကိုထည့်ကာ တိုက်စစ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး ချင်းယူနိုက်တက် အသင်းမှာလည်း ဂိုးမပေးရရန် ဦးစားပေး ကစားခဲ့သည်။ ရန်ကုန်အသင်းသည် ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း သန်းပိုင် အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရပြီး ၈၄ မိနစ်မှ အနိုင်ဂိုးရခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး အီမန်နျူရယ်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ရခိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဟံသာဝတီအသင်းက ၄၃ မိနစ်တွင် တိုက်စစ်မှူး အီမီကာသွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် နည်းပြသစ် ဦးမျိုးမင်းထွန်း ကိုင်တွယ်သည့် ပထမဆုံးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက အိမ်ရှင် Southern အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အပြန်အလှန်သွင်းဂိုးများကြောင့် ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ၂၂ မိနစ်တွင် အောင်မြတ်သူက Southern အသင်းအတွက် အဖွင့်ဂိုးသွင်း ယူခဲ့သည်။ စစ်ကိုင်းအသင်းသည် ပထမပိုင်းမပြီးခင်မှာပင် ချေပဂိုးနှင့် ဦးဆောင်ဂိုးပြန်ရခဲ့ပြီး ၄၂ မိနစ်တွင် ကျော်စွာမင်းက ချေပဂိုး၊ ၄၃ မိနစ်တွင် မျိုးမင်းဖြိုးက ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် Southern အသင်းက ချေပဂိုးရရန် ကြိုးပမ်းလာရာ ၅၃ မိနစ်တွင် ကောင်းစည်သူက ဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး စစ်ကိုင်းအသင်းအတွက် အနိုင်ဂိုးကို မိနစ် ၇၀ တွင် ကျော်စွာမင်းက သွင်းယူခဲ့သည်။
ပွဲစဉ် (၁) အပြီးတွင် ရတနာပုံ၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရန်ကုန်၊ ဟံသာဝတီနှင့် စစ်ကိုင်းအသင်းတို့ နိုင်ပွဲရခဲ့ပြီး ရတနာပုံအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်