ရန်ကုန် ဖေဖော်ဝါရီ ၂၀
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၈ နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်က ဆက်လက်ကျင်းပရာ YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။ တစ်ကျော့ပြန် ချန်ပီယံ မျှော်လင့်ချက်အတွက် ရန်ကုန် ယူနိုက်တက်အသင်းအနေဖြင့် မဖြစ်မနေအနိုင်ရရန် လိုအပ်နေသော်လည်း သရေသာ ကစားနိုင်သဖြင့် ချန်ပီယံဆု ရယူ နိုင်ရန် ရှမ်းယူနိုက်တက်အသင်း ခြေချော်မှုကို စောင့်မျှော်ရတော့မည်ဖြစ်သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံဆုအတွက် အနီးကပ်ဆုံးပြိုင်ဘက် ရန်ကုန်ယူနိုက်တက်အသင်း ကို အဝေးကွင်း၌ သရေကစားပြီး ရှုံးပွဲမရှိစံချိန် ဆက်ထိန်းနိုင်ခဲ့သလို ခြောက်ရာသီဆက်နှင့် ခုနစ်ကြိမ်မြောက် ချန်ပီယံမျှော်လင့်ချက်အတွက် အခြေအနေကောင်းသွားသည်။ ရှမ်းယူနိုက်တက်အသင်း ၂၀၂၀ ရာသီ ကတည်းက တင်ရှိထားသည့် ရှုံးပွဲမရှိစံချိန်မှာ ၉၅ ပွဲအထိရှိလာသည်။
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းနှင့် Dagon Port အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။ သစ္စာအားမာန်အသင်း သည် ၁၁၊ ၆၇ မိနစ်တွင် စောမျိုးဇော်သွင်းယူသည့်နှစ်ဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း Dagon Port အသင်းအတွက် ၂၁ မိနစ်တွင် ကန်တိုနာက ပထမချေပဂိုး၊ ၉၀+၅ မိနစ်တွင် ရန်နိုင်လင်းက ဒုတိယချေပဂိုးတို့ သွင်းယူခဲ့သည်။
ပွဲစဉ်(၁၈)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၄၅ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၄၃ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက ၃၂ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ၂၇ မှတ်၊ မဟာယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းက ၂၅ မှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက ၂၂ မှတ်၊ ရတနာပုံအသင်းက ရမှတ် ၂၀၊ ရခိုင်ယူနိုက်တက်အသင်းက ၁၈ မှတ်၊ သစ္စာအားမာန်အသင်းက ၁၆ မှတ်၊ Dagon Port အသင်းက ၁၃ မှတ်၊ ရာမညယူနိုက်တက်အသင်းက ခြောက်မှတ်ရရှိထားသည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းက ပွဲကျန်ကစားရန်ကျန်ရှိသဖြင့် တစ်ပွဲစီလျော့နေပြီး အခြားအသင်းများမှာမူ ၁၈ ပွဲစီ ကစားထားပြီးဖြစ်သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - YUFC


