MNL ပြိုင်ပွဲတွင် Southern အသင်းအနိုင်ရပြီး ရခိုင်နှင့် စစ်ကိုင်း သရေကျ

၃၁ မတ် 

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ Southern အသင်းအနိုင်ရပြီး ရခိုင်နှင့် စစ်ကိုင်းအသင်း သရေကျခဲ့သည်။

 

မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက မကွေးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Southern အသင်းသည် လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဒုတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် အဝေးကွင်း၌ ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့၍ အဆင့် ၁၀ နေရာသို့ ရောက်သွားခဲ့သည်။

 

တန်းဆင်းဇုန်နားရောက်နေ၍ နှစ်သင်းစလုံး လူစုံထုတ်ကာ ယှဉ်ပြိုင်ခဲ့ပြီး Southern အသင်းက အိမ်ကွင်း၌ ပိုမိုဖိအားပေးနိုင်ခဲ့သည်။ သို့သော်ပထမပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ၄၇ မိနစ်တွင် ကောင်းစည်သူက ပယ်နယ်တီမှတစ်ဆင့် Southern အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် မကွေးအသင်းတိုက်စစ်မြင့်လာပြီး ၆၂ မိနစ်တွင် နေမျိုးအောင် ဖြတ်တင်ဘောကို Southern အသင်းနောက်ခံလူ ဖျက်ထုတ်ရာမှ ဂိုးထဲဝင်သွားခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ၈၇ မိနစ်တွင် Southern အသင်း အနိုင်ဂိုးရခဲ့ကာ ကောင်းစည်သူက သွင်းယူခဲ့ခြင်းဖြစ်သည်။ 

 

ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းနှင့် စစ်ကိုင်းအသင်း သုံးဂိုးစီသရေကျခဲ့သည်။ အမှတ်တူရထားသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်သောကြောင့် ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ စစ်ကိုင်းအသင်းအတွက် ဂိုးများကို ၁၁၊ ၇၀ မိနစ်တွင် ဖရိုင်းဒေး၊ ၃၉ မိနစ်တွင် သန့်ဇင်ဝင်းက သွင်းယူပြီး ရခိုင်အသင်းအတွက် ဂိုးများကို ၁၇ မိနစ်တွင် အောင်ကျော်သူ၊ ၂၄ မိနစ်တွင် ဆင်မြူရယ်နှင့် ၉၀+၅ မိနစ်တွင် ကီဗင်တို့က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၆) အပြီးတွင် ဟံသာဝတီအသင်းက ၁၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းက ၁၂ မှတ်စီ၊ ရတနာပုံအသင်းက ၁၁ မှတ်၊ ရန်ကုန်အသင်းက ၁၀ မှတ်၊ စစ်ကိုင်းနှင့် ရခိုင်အသင်းက ကိုးမှတ်စီ၊ Southern အသင်းက ခုနစ်မှတ်၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ မကွေးအသင်းက လေးမှတ်၊ ဒဂုံအသင်းက သုံးမှတ်၊ Chinland အသင်းက တစ်မှတ်ရထားသည်။

 

သတင်း-ညီမြတ်သော်တာ