ရန်ကုန် စက်တင်ဘာ ၁၆
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၃)မှ ရာသီဥတုကြောင့် ရွှေ့ဆိုင်းထားသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း ပြန်ကန်ပွဲကို စက်တင်ဘာ ၁၆ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ စက်တင်ဘာ ၁၃ ရက်က YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် မိုးသည်းထန်စွာရွာသွန်းပြီး ကွင်းအတွင်း ရေများဝပ်နေသဖြင့် ပွဲချိန် မိနစ် ၂၀ တွင်ရပ်နားခဲ့ရသည့် ရန်ကုန်ယူနိုက်တက် - အား/ကာသိပ္ပံပွဲ လက်ကျန် မိနစ် ၇၀ ပြန်ကစားခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ယူပြီး ဒဂုံစတားယူနိုက်တက် အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးရောက်လာခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ ပေးဂိုးမရှိသေးဘဲ ဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
နှစ်သင်းစလုံး ယခင်ပွဲမှ လူစာရင်းအတိုင်း ပြန်လည်ယှဉ်ပြိုင်ရပြီး ပထမပိုင်းတွင် ဂိုးမသွင်းနိုင်သော်လည်း ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဂိုးပြတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၅၂ မိနစ်တွင် ဟိန်းဇေယျာလင်း၊ ၈၁ မိနစ်တွင် ကောင်းစည်သူနှင့် မိနစ် ၉၀ တွင် မိုဂူတို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက် နောက်ခံလူ ဟိန်းဇေယျာလင်းက ရရှိသည်။
ပွဲစဉ် (၃) အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းက ကိုးမှတ်စီ၊ ဟံသာဝတီယူနိုက်တက်အသင်းက ခုနစ်မှတ်၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းက ခြောက်မှတ်စီ၊ အား/ကာသိပ္ပံ၊ Dagon Port နှင့် ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်စီ၊ မဟာယူနိုက်တက်၊ သစ္စာအားမာန်၊ ရာမညယူနိုက်တက်အသင်းတို့က တစ်မှတ်စီရထားပြီး ရခိုင်ယူနိုက်တက်အသင်းက အမှတ်မရသေးပေ။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL


