MNL ယူ-၁၉ အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း သုံးကြိမ်ဆက်ဗိုလ်စွဲ

၁၉ သြဂုတ်


၂၀၁၉ ရာသီ MNL  ယူ-၁၉ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပဒုမ္မာကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်း သုံးကြိမ်ဆက် ဗိုလ်စွဲခဲ့သည်။


နောက်ဆုံးပွဲအဖြစ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧရာဝတိအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲမပြီးဆုံးမီ နှစ်ပွဲအလိုကတည်းက ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ရှုံးပွဲမရှိ ချန်ပီယံဆုရယူနိုင်မည့် မှတ်တမ်းကောင်းလက်လွှတ်ခဲ့ရသည်။ ပြိုင်ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၁၆ ပွဲနိုင်၊ ငါးပွဲသရေ၊ တစ်ပွဲရှုံး၊ ၅၃ မှတ်ဖြင့် ချန်ပီယံဆုရခဲ့ပြီး ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ ၁၅ ပွဲနိုင်၊ လေးပွဲသရေ၊ သုံးပွဲရှုံး၊ ၄၉ မှတ်စီ တူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် ရတနာပုံအသင်းက ဒုတိယ၊ ရန်ကုန်အသင်းက တတိယရရှိခဲ့သည်။


ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ရာသီတို့တွင် သုံးရာသီဆက်တိုက် ချန်ပိယံဆုရခဲ့ခြင်းဖြစ်သည်။


ရှမ်းယူနိုက်တက်-ဧရာဝတီပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ တတိယဆုရသည့် ရန်ကုန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် ၂၅ သိန်း၊ ဒုတိယဆုရခဲ့သည့် ရတနာပုံအသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၅၀၊ ပထမဆုရသည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၁၀ဝ နှင့် ချန်ပီယံဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဧရာဝတီအသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်