ရန်ကုန် စက်တင်ဘာ ၉
၂၀၂၅ ရာသီ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၉) ဒုတိယနေ့ကို စက်တင်ဘာ ၉ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ဒဂုံစတားနှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ နိုင်ပွဲရရှိခဲ့သည်။
ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက်အသင်းက Falcon အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံဆုကာကွယ်နိုင်ရန် လက်ကျန်မျှော်လင့်ချက်အတွက် လက်ကျန်ပွဲများတွင် နိုင်ပွဲရရှိအောင် အားထည့်ကစားလျက်ရှိသည်။ နိုင်ပွဲဆက်နေသည့် Falcon အသင်းမှာမူ ရှုံးပွဲပြန်တွေ့ခဲ့သည်။ ရှမ်း ယူနိုက်တက်အသင်းအတွက် ဂိုးများကို ရှစ်မိနစ်တွင် ထက်ရှိုင်းအောင်၊ ၆၁ မိနစ်တွင် ခွန်မြတ်ဆွေ တို့က သွင်းယူပြီး Falcon အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၇၁ မိနစ်တွင် မြင့်မြတ်ကိုကိုက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံဆုအတွက် အမှားမခံတော့သည့်အချိန်တွင် ဒဂုံစတားယူနိုက်တက်အသင်း အမှားအယွင်းမရှိ အမှတ်ပြည့်ယူခဲ့ပြီး အား/ကာသိပ္ပံကို ဖိအားပေးလျက် ရှိသည်။ ဒဂုံစတားအသင်းအတွက် ဂိုးများကို ၃၊ ၃၇ မိနစ်တွင် စောအောင်မျိုးမင်းသိန်း၊ မိနစ် ၂၀ တွင် ဖိုးသောကြာ၊ ၇၉ မိနစ်တွင် ဆုမင်းအောင်တို့က သွင်းယူပြီး မဟာယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၂၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဇော်မင်းသန့်က သွင်းယူခဲ့သည်။ YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက Dagon Port အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၂၅ မိနစ်တွင် ခွန်းချိုထူးနှင့် မိနစ် ၄၀ တွင် လမင်းပြည့်စုံက သွင်းယူသည်။
ပွဲစဉ် (၁၉) နောက်ဆုံးနေ့ကို စက်တင်ဘာ ၁၀ ရက်တွင် ဗဟန်းမြက်ခင်းတုကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဟံသာ ဝတီယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-MNL


