ရန်ကုန် ၁၇ မတ်
၂၀၂၀ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဇွဲကပင်၊ Chinland နှင့် အား/ကာသိပ္ပံအသင်းတို့ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ဒုတိယနေ့တွင် Chinland အသင်းက ငွေကြယ်ပွင့်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ ဇွဲကပင်အသင်းက မောရဝတီအသင်းကို ငါးဂိုး-ဂိုးမရှိ၊ အား/ကာသိပ္ပံအသင်းက Southern အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် ရလဒ်ကောင်းများရနေသည့် Chinland အသင်းသည် ငွေကြယ်ပွင့်အသင်းကို ဂိုးပြတ်အနိုင်ယူကာ နိုင်ပွဲဆက်ခဲ့ပြီး အဆင့် (၆) နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ Chinland အသင်းသည် ပထမပိုင်းတွင် နှစ်ဂိုးသာသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် သုံးဂိုးထပ်မံသွင်းယူကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းမှာလည်း နိုင်ပွဲဆက်ခဲ့ပြီး မောရဝတီကို ငါးဂိုးပြတ် သွင်းယူခဲ့သည်။ ပွဲအစ ၁၆ မိနစ်အတွင်း သုံးဂိုးရရှိခဲ့သည့် ဇွဲကပင်အသင်းသည် ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် အနိုင်ဂိုးနှစ်ဂိုး ထပ်မံသွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်းမှာမူ ပထမပိုင်းတွင် သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ပြီး နိုင်ပွဲပြန်ရှာတွေ့ခဲ့သည်။ အားကာသိပ္ပံအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ဇယားထိပ်ပိုင်းမှ အသင်းများကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။
ပွဲစဉ် (၁၀) တတိယနေ့ကို မတ် ၁၈ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ဒဂုံကွင်း၌ မြဝတီအသင်းနှင့် ရန်ကုန်အသင်း၊ YUSC ကွင်း၌ ရခိုင်အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MNL