မွန်လူမျိုးများ ဆင်းသက်လာပုံနှင့် မွန်ဘာသာစကား၊ မွန်စာပေအရေးအသား

ကိုကျော်စွာ(ကျိုက်ပိ)

 

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားတို့သည် အရေအတွက်အားဖြင့် ရှစ်မျိုးရှိပါသည်။ ထိုတိုင်းရင်းသားရှစ်မျိုးထဲမှာမှ မွန်လူမျိုးများသည် အမျိုးအနွယ်အားဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြားသော ပြည်ထောင်စုတိုင်းရင်းသားများနည်းတူ မွန်ဂို လွိုက်အနွယ်ပင် ဖြစ်ပါသည်။ မွန်လူမျိုးတို့၏မျိုးရိုးဇာစ်မြစ်မှာ မွန်ဂိုအနွယ်ပင် ဖြစ်ပါသည်။ မွန်-ခမာဘာသာအုပ်စုဝင် မွန်လူမျိုး များနှင့် တိဗက်-မြန်မာဘာသာစကားအနွယ်ဝင် ဗမာလူမျိုးများသည် ဘာသာစကား ကွဲပြားသော်လည်း မျိုးနွယ်ဘက်တွင် တူညီသဖြင့် ရုပ်ရည်လက္ခဏာအားဖြင့် မည်သူက မွန်၊ မည်သူက ဗမာဟူ၍ ခွဲခြားရန်ခက်ခဲလှပါသည်။

 

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း

 

မြန်မာနိုင်ငံအတွင်းသို့ ရှေးဦးစွာ ဝင်ရောက်လာကြသည့် မွန်လူမျိုးများနှင့် ဘာသာစကားအနွယ်တူများ ဖြစ်ကြသော မွန်-ခမာဘာသာစကားပါဝင်သည့် "သြစတြို အေရှတစ်" စကားပြောသူတို့ဖြစ်ပြီး မူရင်း ဒေသမှာ ယန်စီကျန်မြစ်ဝှမ်းဒေသဖြစ်သည်။ ယင်းဒေသမှ အကြောင်းအမျိုးမျိုးကြောင့် ဒေသအနှံ့အပြားသို့ ရောက်ရှိခဲ့ဟန်တူပါသည်။ မွန်-ခမာဘာသာစကားနွယ်ဝင်တို့ ရောက်ရှိပျံ့နှံ့လာရာ အရှေ့တောင်အာရှဒေသမှာ ရေသွင်းပြီး ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာ ပင်ရင်းဒေသဖြစ်၍ မွန်တို့သည် ဆန်စပါးစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခဲ့ကြပုံရသည်။

 

မွန်-ခမာ ဘာသာစကားနွယ်ဝင်တို့ ဆင်းသက်ရွေ့လျားလာပုံမှာ မဲခေါင်မြစ်ဝှမ်း ဒေသမှတစ်ဆင့် မဲနမ်မြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်း တစ်လျှောက် စိုက်ပျိုးရေးကောင်းသောနေရာ ဒေသများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာကြသည်။ တစ်ဖန် ဧရာဝတီမြစ်ဝှမ်းဒေသတွင် နေထိုင်လျက်ရှိသော မွန်လူမျိုးတို့သည် တိဗက်-မြန်မာအနွယ်ဝင် လူမျိုးများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ တရွေ့ရွေ့ ပြောင်းရွှေ့နေထိုင်ခဲ့ ကြသည်ဟု ပညာရှင်များက ယူဆကြပါသည်။ မွန်လူမျိုး များသည် မဲနမ်မြစ်ဝှမ်းနှင့် မြန်မာပြည်အောက် ပိုင်းဒေသများ၌ ဝင်ရောက်နေထိုင်ကြပြီး မြန်မာနိုင်ငံအတွင်းသို့ တိဗက်-မြန်မာ အုပ်စုဝင် ပျူတို့အင်အားနှင့် ဧရာဝတီမြစ်တစ်လျှောက် ဆင်းသက်လာသည့်အခါ မွန်လူမျိုးတို့သည် ဧရာဝတီမြစ်ဝှမ်းဒေသများနှင့် စစ်တောင်းမြစ်ဝှမ်းဒေသများသို့ သွားရောက်နေထိုင်ကြသည်။ မြန်မာပြည်ရှိ မွန်လူမျိုးတို့မှာ နိုင်ငံရေးအားဖြင့် အဆင့်မြင့်ပြီး လွင်ပြင်ဒေသတွင် နေထိုင်ခဲ့ကြ ရသောကြောင့် အရှေ့ဘက်တောင်ပေါ်တွင် နေထိုင်ကြသော ဘာသာစကား မျိုးနွယ်တူများနှင့် စကားအပြောအဆိုကွဲလွဲလာခဲ့ကြသည်။ ထို့ကြောင့် မြန်မာပြည်ရှိ မွန်-ခမာဘာသာစကားနွယ်တူများ အနေကွာဝေးမှုကြောင့် စကားပြောဆိုပုံများ ကွာခြားသွားခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ ယခုအခါ မွန်လူမျိုးများသည် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပဲခူး၊ ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် ရွာကြီးများနှင့် သံလွင်မြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အနှံ့အပြား နေထိုင်လျက်ရှိကြသည်။ ယနေ့မွန် လူမျိုးများသည် ဗမာလူမျိုးများနှင့် အတူတကွ နေထိုင်ကြပြီး ရုပ်ရည်လက္ခဏာသည် ဗမာ လူမျိုးများနှင့်တူသောကြောင့် ပြောစကားအရသာ မည်သူကမွန်၊ မည်သူက ဗမာဟူ၍ ခွဲခြား သိရပါသည်။

 

မွန်ဟူသောဝေါဟာရနှင့် မွန်ဘာသာစကား

 

မွန်လူမျိုးများသည် မွန်ပြည်နယ်ခေါ် ရာမညတိုင်းဒေသတွင် နေထိုင်ကြသည်။ မွန်ဟူသော ဝေါဟာရသည် ပုဂံခေတ် ကျန်စစ်သားမင်း၏ မွန်ဘာသာဖြင့် ရေးထိုးထားသော မွန်ကျောက်စာတွင် "ရမေည်"ဟုတွေ့ရသည်။ အသံထွက်မှာ "ရမင်း"ဖြစ်သည်။ ဟံသာဝတီခေတ်ထိုးကျောက်စာများနှင့် ကြေးပြားများ တွင် မွန်ကို"ရမန်"ဟူ၍ အနည်းငယ်ပြောင်းလဲခေါ်ဝေါ်လာကြောင်း တွေ့ရသည်။ ယခု ခေတ်မှာတော့ "မွန်"ဟူ၍သာခေါ်ဝေါ်ကြပါသည်။ မွန်လူမျိုးများပြောဆိုသော မွန်ဘာသာ စကားမှာ မွန်-ခမာစကားနွယ်ဝင် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အားလုံးသည် လူမျိုးနွယ်အားဖြင့် မွန်ဂိုလွိုက် များဖြစ်ကြသော်လည်း ဘာသာစကားကတော့မတူကွဲပြားလျက်ရှိသည်။ ဘာသာစကား ဝေါဟာရများကို သိပ္ပံနည်းကျလေ့လာ၍ တိဗက်၊ တရုတ်နှင့် သြစတြစ် ဘာသာစကား အနွယ်ကြီး နှစ်မျိုးဟူ၍ ခေါ်ဆိုကြကြောင်း သိရပါသည်။ တိဗက်-တရုတ်အနွယ်ကြီးတွင် တိဗက်-မြန်မာ အနွယ်နှင့် ထိုင်း-တရုတ်အနွယ်တို့ဖြစ်သည်။ သြစတြစ် ဘာသာအနွယ်တွင် သြစတြိုအေရှ တစ်အနွယ်နှင့် သြစတြိုနေးရှင်းအနွယ်ဟူ၍ နှစ်မျိုးရှိသည်။ မွန်ဘာသာစကားသည် သြစတြိုအေရှ အနွယ်တွင် ပါဝင်သည်။

 

ရှေးကျသော ဘာသာဗေဒပညာရှင် ဒေါက်တာလိုဂန်သည် မွန်နှင့်အနွယ်တူသော ဘာသာစကားများကို စုပေါင်းပြီး မွန်-အာနမ် ဟူ၍ ပထမအကြိမ် အမည်ပေးခဲ့သည်။ သို့သော် ဘာသာဗေဒ ဆရာများကမူ မွန်-ခမာဟူသောအမည်သစ်ဖြင့် ခေါ်ကြပြန်သည်။ ၁၉၀၁ ခုနှစ်မှစ၍ မွန်နှင့် အနွယ်တူဘာသာ စကားများကို ပါမောက္ခရှာမစ်က လေ့လာခဲ့ပြီး ၁၉၀၆ခုနှစ်တွင် အာရှတောင်ပိုင်းနှင့် ကျွန်းပိုင်း ဒေသရှိဘာသာစကားစုကို သြစတြစ်အနွယ်ကြီး ဟုအမည်သစ်ပေးခဲ့သည်။ ကုန်းပိုင်းတောင် ဘက်ရှိ ဘာသာစကားစုကိုမူ သြစတြိုအေရှတစ် ဟုခေါ်ပြီး ကျန်ကျွန်းဆွယ်နှင့် ကျွန်းစုပေါ်ရှိ ဘာသာစကားစုကို သြစတြိုနေးရှင်းဟူ၍ ခေါ် ဝေါ်သတ်မှတ်ခဲ့သည်။ သြစတြိုအေရှတစ် အနွယ်တွင် မွန်စကားပါဝင်သည်။ ထို့ကြောင့် မွန်ဘာသာစကားသည် သြစတြိုအေရှတစ် ဘာသာစကားအနွယ်ဝင်ဖြစ်ကြောင်း ထင်ရှား ပေသည်။ မွန်ပြည်နယ်ခေါ် ရာမညတိုင်းတွင် မွန်သုံးရပ်ရှိသည်ဟု သိရပါသည်။ ထို့ကြောင့် ပြောဆိုသော မွန်ဘာသာစကားမှာ ဒေသအလိုက် ပြောဟန်ဆိုဟန် ကွဲပြားကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားတို့သည်မျိုးနွယ်စုအလိုက် သီးခြားနေကြသည်မဟုတ်ပေ။ ယဉ်ကျေးမှုအရ သော်လည်းကောင်း၊ ရောနှောပျံ့နှံ့ နေထိုင်ကြသောကြောင့် လည်းကောင်း၊ ပုဂံခေတ်ကပင် တစ်ပြည်တည်းနေ တစ်ရေတည်းသောက် အတူအကွနေထိုင် ခဲ့ကြသောကြောင့်လည်း မွန်စကားကို ပုဂံ ခေတ်ကဗမာတို့ ယူသုံးခဲ့ကြသလို ဗမာစကားကိုလည်း မွန်တို့က ယူငင်စွဲခဲ့ကြသည်။ ဥပမာ-ဗမာစကားဖြစ်သော အပြစ်၊ အဖို့၊ အကို၊ အကဲ၊ အကောက်၊ အောင်သွယ်၊ အပ်စပ်စသည့်စကား လုံးများကို မွန်တို့ယူငင်အသုံးပြုခဲ့ကြသလို မွန်စကားဖြစ်သော ပြအိုး၊ ကတော်၊ ကန်တော့၊ တမော့၊ ဝေါ၊ အင်စသည့်မွန်စကားလုံးများကိုလည်း ဗမာတို့က ယူငင်သုံးစွဲခဲ့ကြပါသည်။

 

မွန်စာပေအရေးအသား

 

ရှေးခေတ် မွန်စာပေအရေးအသားတွင် ယသတ်၊ သသတ်၊ ညသတ်၊ ငသတ်၊ ကသတ်၊ မသတ်၊ တသတ်၊ ရသတ်၊ နသတ်၊ လသတ်၊ ပသတ်၊ စသတ် စသည်ဖြင့် စုံစုံလင်လင် ပြောဆိုရေးသားကြောင်း တွေ့ရသည်။ အထူးသဖြင့် ညသတ်နှင့် နသတ်ကို ကွဲကွဲပြားပြား ပြောဆိုရေးသား ကြောင်းလည်း တွေ့ရသည်။ ယခုခေတ်တွင်မူ ရသတ်၊ လသတ်တို့ကို ရေးထုံးမပြုတော့ပေ။သို့သော်ရှေးခေတ်ကမူ လျှာလိပ်သံများနှင့် "ကိန္တရ်"ကို "ရကောက် သံ"နှင့်လည်းကောင်း၊ "အန္တရ်ယ်"ကို "လသံ"နှင့် လည်းကောင်းရေးသားခဲ့ကြောင်း ရွှေစည်းခုံ မွန်ကျောက်စာတွင် တွေ့ရသည်ဟု ဆိုပါသည်။

 

ရှေးခေတ်မွန်ကျောက်စာနှင့် ခေတ်လယ် မွန်ကျောက်စာကို နှိုင်းယှဉ်လေ့လာကြည့်ရာရေးသားသည့် ပုံစံပြောင်းလဲလာသည်ဟုယူဆ စရာရှိပါသည်။ "သသတ်မှ တသတ်နှင့် ကသတ်" သို့ပြောင်းလဲသည့် ပုံစံကို အနည်းငယ်ဖော်ပြပါမည်။

 

-စိသ် စိုက်

-ဒိသ် ဒိုက်

-ဒိရ်ဒသ် တြဒတ်"ဟူ၍ ပြောင်းလဲလာပါသည်။ နောက်အောသံမှ အောအူးအသံသို့ ပြောင်းလဲသည့်ပုံစံကိုလည်း ဖော်ပြပါမည်။

 

-ဗိဗောယ် ဗဗွောယ်-မောယ် မွောယ်-ကောမ် ကွောမ်"ဟူ၍ ပြောင်းလဲလာပါသည်။ တစ်ဖန်"နှစ်ချောင်းငင်နှင့် တစ်ချောင်းငင်"မှ "ရေးချ"သို့ ပြောင်းလဲလာသည့် ပုံစံကိုလည်း ဖော်ပြပါဦးမည်။

 

-ဍူတ် ဍောက်-ယုတ် ယောက်-ဇုင် ဇောင်"ဟူ၍ပြောင်းလဲလာခဲ့ပါသည်။

ထို့နောက် "သဝေထိုးရေးချ ပသတ်၊ လသတ်သံ"မှ "နောက်ပစ်သံ"သို့ ပြောင်းလဲ လာသည့်ပုံစံကိုလည်း ဖော်ပြပါမည်။

 

-စောပ် စဲ-ပ္ကါ ပ္ကဲ-ဗြောလ်ဗြဲ ဟူ၍ ပြောင်းလဲလာခဲ့ပါသည်။

အထက်ပါအတိုင်း ခေတ်စနစ်ပြောင်း လဲလာသည်နှင့်အမျှ ရှေးခေတ်မွန်စာပေ အရေးအသားသည်လည်း ပြောင်းလဲလာခဲ့ ကြောင်း အထက်ပါ အရေးအသားများအရ သိရပါသည်။

 

ရှေးယခင်ကနှင့်မတူ ဘာသာစကားတွေ မည်သို့ပင် ရွေ့လျားပြောင်းလဲလျက်ရှိသော်လည်း မွန်တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ရိုးရာ ယဉ်ကျေးမှုသည်ကား ပြောင်းလဲခြင်းမရှိပေ။ တိုင်းရင်းသားတို့၏ ဘာသာစကားနှင့်စာပေ အရေးအသားသည် ထိုတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ဖော်ပြလျက်ရှိသလို သမိုင်းကြောင်းဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သော အချက်အလက်များကိုလည်း ပေးနိုင်၊ သိနိုင်စွမ်းရှိပါသည်။ ဒါ့အပြင် ထို တိုင်းရင်းသာတို့၏ လူနေမှုစနစ်ပုံစံကိုလည်း ဘာသာစကား၊ စာပေများကပင် ဖော်ပြလျက်ရှိပေသည်။ မည်သို့ပင်ဖြစ်စေ မွန်တိုင်းရင်းသားတို့သည်လည်း မိမိစာပေ၊ မိမိယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့် ရှောက်လျက်နေလာခဲ့သည်မှာ ယနေ့တိုင် အောင်ပင်ဖြစ်ပါသည်။ ဤသို့ဖြင့် မွန်တိုင်းရင်းသားတို့ ဆင်းသက်ပေါက်ဖွားလာပုံနှင့် ဘာသာစကား၊ စာပေအရေးအသားတို့ကို ဗဟုသုတတိုးပွားစေခြင်းငှာ လည်းကောင်း၊ မိမိတို့ တိုင်းပြည်ရှိ တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ဘာသာစကားနှင့် စာပေအရေးအသားကို သိစေ၍ မွန်တိုင်းရင်းသားတို့၏ ဘာသာစကား နှင့် စာပေယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေရန် ရေးသားတင်ပြလိုက်ရပါသည်။

 

ကိုးကား - တိုင်းရင်းသားယဉ်ကျေးမှု

ရိုးရာဓလေ့ထုံစံများ(မွန်)