ရန်ကုန် ၃၀ နိုဝင်ဘာ
မြန်မာ − အာဆီယံ အမျိုးသမီးများချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s Friendship Association) ကရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေး အတက်ပညာကျောင်းသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း ကအဆိုပါကျောင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်သည်။
အခမ်းအနားသို့ မြန်မာ − အာဆီယံ အမျိုးသမီးများချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မှန်၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Ms Vanessa Elisabeth Chan Yuen Ying၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး၏ ဇနီး Madam YennyNoviyanti၊ ဘရူနိုင်းဒါရူဆလင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်သံတမန် အမျိုးသမီးများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးအကြမ်းဖက်ခံရသူများနှင့် စပ်လျဉ်း၍တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ − အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်း၏ လှူဒါန်းမှုများသည် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်နေသည့် ကျား၊မ အခြေပြု အကြမ်းဖက်မှုများ ပပျောက်ရေးလုပ်ငန်းစဉ်များအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် United Nations Convention on the Elimination of all forms of Discrimination Against Women - UNCEDAW အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို UNCEDAW ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိူးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို Beijing Platform For Action ပါ ဦးစားပေးလုပ်ငန်းနယ်ပယ် (၁၂)ရပ်ကို အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာကျန်ရှိသည့် (၃)နှစ်တာကာလအတွက် လက်တွေ့လုပ်ငန်းစဉ်များ ရေးဆွဲပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း။
အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်နိုင်သည့် စင်တာများကို ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်နှင့် လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ကျား၊မ အခြေပြုအကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဥပဒေကြောင်းအရ တရားရင်ဆိုင်ရာတွင် အထောက်အကူပြုနိုင်ရေး ၎င်းတို့၏ဘဝများ ပြန်လည် ရပ်တည်နိုင်ရေးအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လှူဒါန်းငွေများကို နေပြည်တော်တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက တည်ဆောက်လျက်ရှိသည့် တစ်ကိုယ်ရည်မိခင်များနှင့် ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး အဆောက်အဦ ဆောက်လုပ်ခြင်းတွင် အသုံးပြုခဲ့ပါကြောင်း၊ ယခုကဲ့သို့ မြန်မာ − အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်း၏ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်နိုင်သည့် စင်တာ (One Stop Women Support Center)အတွက် လှူဒါန်းမှုများသည် အာဆီယံနိုင်ငံများနှင့် မြန်မာပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုများအတွက် များစွာ အထောက်အကူပြုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီးက အမျိုးသမီးသက်မွေး အတတ်ပညာကျောင်းသို့ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာ − အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်းမှ လှူဒါန်းငွေကျပ်သိန်း(၁၅၀)ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ၏ ကျား၊မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ − အာဆီယံ အမျိုးသမီးများချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များသည် သက်မွေးအတတ်ပညာကျောင်း၌ အမျိုးသမီး သက်မွေးအတတ် ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုကြပြီး သင်တန်းကျောင်းအတွင်း ကာကွယ်စောင့်ရှောက်ထားသော အမျိုးသမီးငယ်များအား တွေ့ဆုံအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်