နေပြည်တော်  ၂၆  ဇွန်

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းအရ စတုတ္ထအကြိမ် အိန္ဒိယနိုင်ငံ အထောက်အပံ့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လဟယ်-လောင်ကျန်းနောက်ကုန်း-တိုက်ရံကြား မြေလမ်း (၅/၀)မိုင် အပြီးသတ်ဖောက်လုပ်ခြင်း လုပ်ငန်းကို ဇွန် ၂၅ တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်နှင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်၊ ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းတို့နှင့်အတူ ကွင်းဆင်း စစ်ဆေးကြည့်ရှုသည်။

 

အဆိုပါလမ်းသည် (၁၁/၂)မိုင်ခန့်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော  တတိယအကြိမ် အိန္ဒိယအထောက်အပံ့ဖြင့် (၆/၂)မိုင် မြေလမ်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအပြီးသတ် (၅/၀)မိုင် ဖောက်လုပ်လျက်ရှိရာ လုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး အဆိုပါလမ်း ဖောက်လုပ်ပြီးစီး သွားပါက လောင်ကျန်းနောက်ကုန်းကျေးရွာ၊ တိုက်ရံကျေးရွာ၊ ဆော်လော်ကျေးရွာ၊ ပုံညိုကျေးရွာ၊ ယမ်းကြုံး ကျေးရွာ၊ လုံဝသိင်္ခကျေးရွာ လမ်းကြောင်းတလျောက်ရှိ ဒေသခံပြည်သူလူထုများအနေဖြင့် လဟယ် မြို့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအား အဆင်ပြေချောမွေ့စွာ အချိန်တိုတိုဖြင့် သွားလာနိုင်မည်ဖြစ်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်း၍ နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်းပြည်နယ်တို့တွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းစတင်ချိန်မှ ယခုစတုတ္ထအကြိမ် အထောက်အပံ့အထိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် လမ်းတံတားလုပ်ငန်း(၃၂)ခု၊ ပညာရေးလုပ်ငန်း (၁၄)ခုနှင့် ကျန်းမာရေးလုပ်ငန်း (၂၂)ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ရာ ဒေသခံများအနေဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးအဆင်ပြေလာမှုကြောင့် ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

(သတင်းစဉ်)