နေပြည်တော် မေ ၁၆

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များ၊ ပူးတွဲစီမံချက်များနှင့် ပူးတွဲလုပ်ငန်းများ ဆောင်ရွက်နိုင် ရေးဆွေးနွေးရန်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစီစဉ်ရန်နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးတွဲသုတေသန စီမံကိန်းများ ချမှတ်နိုင်ရေး ဆွေးနွေးရန် ရည်ရွယ်၍  မြန်မာ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို မေ (၁၆) ရက်မှ (၁၇) ရက်အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)၊ နေပြည်တော်၌ ကျင်းပလျက်ရှိသည်။ 

အစည်းအဝေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်း ကျော်နိုင်ဦးနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် Dr. Praveen Kumar Somasundaram တို့က ပူးတွဲ သဘာပတိ အဖြစ်ကြီးမှူး၍ မြန်မာ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်း အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အိန္ဒိယ သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး ကိုယ်စားလှယ်နှင့် နေပြည်တော်ရှိ အိန္ဒိယဆက်ဆံရေးရုံး ကိုယ်စားလှယ်များ တက်‌ရောက်ကြသည်။

အစည်းအဝေးတွင်    ပြန်ပြည့်မြဲစွမ်းအင်သုတေသန၊ လျှပ်စစ်သုံးယာဉ်ဘက်ထရီ ဆိုင်ရာ သတ္တုနှင့်ဒြပ်ပစ္စည်းများ သုတေသနများ၊ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ Geospatial Technology၊ မောင်းသူမဲ့လေကြောင်းစနစ်၊ ဇီဝနည်းပညာအပါအဝင် အစားအသောက် ဆေးဝါးနှင့် စိုက်ပျိုးရေး၊ နာနိုနည်းပညာ၊ Blockchain၊ စက်ရုပ်နှင့် AI Virtual Reality နှင့် Augmented Reality (3D ပုံရိပ်ဖော်နည်းပညာများ) ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ အစိမ်း ရောင် နည်းပညာများ၊ Smart University နည်းပညာများအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပူးတွဲစီမံချက်များ ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများ စီစဉ်နိုင်ရေး၊ သိပ္ပံနှင့်နည်းပညာ မဟာဗျူဟာစီမံကိန်းအတွက် လေ့လာဆန်းစစ်ခြင်းတို့အတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအမံများ ညှိနှိုင်းရေးဆွဲချမှတ် သွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်