ရန်ကုန် မတ် ၅
၂၀၂၆ ခုနှစ် အာရှဖလား ယူ-၁၇ ဘောလုံးပြိုင်ပွဲမတိုင်မီ ဧပြီလတွင် ကျင်းပမည့် အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာယူ-၁၇ အသင်းနှင့် အိန္ဒိယ ယူ-၁၇ အသင်းတို့သည် ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဒုတိယခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
မတ် ၃ ရက်က ပထမခြေစမ်းပွဲတွင် အိန္ဒိယ ယူ -၁၇ အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယနေ့ ဒုတိယခြေစမ်းပွဲ၌ ဂိုးမရှိသရေ ရလဒ်ဖြင့် ပွဲစဉ် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
အကောင်းဆုံးကစားခဲ့
ပထမခြေစမ်းပွဲတွင် မြန်မာအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည့် မြင့်မြတ်ကိုကိုနှင့် တိုက်စစ်ကစားသမားများက ဒုတိယခြေစမ်းပွဲတွင်လည်း အကောင်းဆုံးကစားခဲ့ကြပြီး ဂိုးမပေးရရေးအတွက် ရှေ့နောက်ဆင်း၍ ကစားနိုင်ခဲ့ကာ အိန္ဒိယနောက်တန်းခံစစ်ကို ထိုးဖောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။
မြန်မာနောက်ခံအားကစားသမားများကလည်း ဂိုးမပေးရရေးအတွက် အနာခံကစားခဲ့ကြသည်။ ပွဲပြီး၍ အချိန်ပိုသုံးမိနစ်တွင် မြန်မာအသင်းက ပြစ်ဒဏ်ဘောနှင့် ထောင့်ကန်ဘောရရှိခဲ့သော်လည်း အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပေ။
မြန်မာ ယူ-၁၇ အသင်းအနေဖြင့် အနိုင်ဂိုးမရရှိခဲ့သော်လည်း ဂိုးမပေးရရေးအတွက် အားကြိုးမာန်တက်ကစားခဲ့ကြသဖြင့် ပရိသတ်များက ကစားသမားများအား ပြိုင်ပွဲပြီးဆုံးသည်အထိ မြန်မာ- မြန်မာ ဟူသော ချီးကျူးဂုဏ်ပြုသံဖြင့် အားပေးခဲ့ကြသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ဇော်မင်းလတ်


