တီးတိန်    ၂၈   အောက်တိုဘာ  

 

ချင်းပြည်နယ် တီးတိန်မြို့နယ် မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေးအမှတ်(၂)လမ်းမပေါ် ရာသီမရွေးဖြတ် သန်းသွားလာနိုင်မည့်မဏိပူရမြစ်ကူးမံဆောင်းကြိုးတံတားဟောင်းအနီးတွင် မံဆောင်းတံတားသစ်ကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ကာ ယာဉ်တစ်စီးချင်းခံနိုင်ဝန်တန် ၆၀ ရှိနှစ်လမ်းသွားဖြင့် သုံးနှစ်အတွင်း အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

 

“ဒီနှစ်ပွင့်လင်းရာသီ ဒီဇင်ဘာလလောက်မှာ လုပ်ငန်းစနိုင်မယ်ထင်တယ်။အသစ်ဆောက်မှာက လက်ရှိ တံတားရဲ့အနီး အောက်ဘက်ပေ ၁၀ဝ ဝန်းကျင်မှာဆောက်လုပ်မှာပါ။ ရေရှည် ခံနိုင်ရည်ရှိမယ့် ကွန်ကရစ်တံတားအမျိုးအစားပါ။ အခုရှိတဲ့တံတားက ကားလေးတွေ ဖြတ်သန်းသွားလာ နိုင်အောင်ကြိုးတံတားအဖြစ်ဆောင်ရွက်ထား တာဆိုတော့ ခိုင်ခဲ့မှုက သိပ်စိတ်မချရတော့ဘူး။ မံဆောင်းတံတားသစ်က အရှည် ၅၅၇ ဒသမ ၇ ပေနဲ့ အကျယ် ပေ ၃၀ ရှိပါမယ်။ အခုတော့နယ်စပ် ကုန်သွယ်ရေးနဲ့ဆိုတော့ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် ၆၀ရှိတဲ့နှစ်လမ်းသွား တံတားတည်ဆောက်ပါမယ်” ဟုချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုးက အောက်တိုဘာ ၂၈ရက်က ပြောသည်။

 

မံဆောင်းတံတားတည်ဆောက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့သည် အောက်တိုဘာ ၁၄ ရက်ကတီးတိန်- ရိဒ်လမ်းပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် မံဆောင်းတံတားသစ် တည်ဆောက်မည့်နေရာကို လေ့လာမှုများပြုလုပ် ထားကာတံတားတည်ဆောက်ရန်အတွက် ငွေကျပ်သန်း ၄၆၀ဝ ဝန်းကျင်ကုန်ကျနိုင်မည်ဟုလျာထားသတ်မှတ်ပြီး ယခုဘဏ္ဍာနှစ်အတွက် ရန်ပုံငွေကျပ်သန်း ၁၂၀ဝ ခွင့်ပြုထားကာ သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဆက်လက်ပြောပြသည်။

 

မံဆောင်းတံတားသည် စစ်ကိုင်းတိုင်းဒေသကြီးတမူးနယ်စပ်ကုန်သွယ်ရေးစခန်းပြီးလျှင် အကြီးမားဆုံး နယ်စပ်အရောင်းအဝယ်ဖြစ်သည့် ချင်းပြည်နယ် တီးတိန်မြို့နှင့် ရိဒ်နယ်စပ်အကြားတွင်တည်ရှိပြီး မဏိပူရမြစ်ကို ဖြတ် ၂၀၁၉- ၂၀၂၀သန်းနိုင်ရန် တည်ဆောက် ထားခြင်းဖြစ်သည်။ ကလေး- တီးတိန်-ရိခေါဒါရ်ကားလမ်းသည်  မိုင် ၈၀ ကျော်ကွာဝေးပြီး မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် ရိခေါဒါရ်- ဇိုခွါထာရ်နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုရသည့် လမ်းဖြစ်သည်။ လက်ရှိအသုံးပြုနေသောမံဆောင်းကြိုးတံတားသည်၂၀၁၅ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးတွင် တံတားအောက်ခြေတိုင် တစ်တိုင်နိမ့်ကျသွားသဖြင့် ပြန်လည်ပြင်ဆင် ခဲ့ရပြီးနောက် တံတားပေါ်ဖြတ်သန်းသည့် ယာဉ်များအနေဖြင့် ၁၆တန်အထိသာအများဆုံး တင်ဆောင်ဖြတ်သန်း သွားလာကြရန် ဖလမ်းခရိုင်လမ်းဦးစီးဌာနမှ သတ်မှတ်ခဲ့ရာ ယာဉ်တစ်စီး ခံနိုင်ဝန် ၁၆တန်သာခံနိုင်သည့်အတွက် မိုးရာသီတွင် ကုန်တင်ယာဉ်များ ဖြတ်သန်းရာ၌ အခက်အခဲများ ဖြစ်စေကြောင်း သိရသည်။

 

 

နေစု(ချင်းရိုးမ)