သိပ္ပံစာရေးဆရာ ကိုကိုအောင်
မြန်မာနိုင်ငံတွင် ၁၈၉၅ ခုနှစ်က အစိုးရအင်ဂျင်နီယာပညာသင်ကျောင်း (Government Engineer School)များ ဖွင့်လှစ်ကာ အင်ဂျင်နီယာပညာအခြေခံများကို စတင်သင်ကြားခဲ့သည်။ ၁၈၉၅ ခုနှစ်သည် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို အုပ်စိုးမင်းမူနေသည့် ကာလဖြစ်သလို အီတလီလူမျိုးသိပ္ပံပညာရှင် ဂူးဂလီမိုးမာကိုနီက ကမ္ဘာ့ပထမဆုံးသော ရေဒီယိုအချက်ပြမှု (Radio Signal) ကို ထုတ်လွှင့်ခဲ့သည့် ကာလလည်းဖြစ်၍ မည်မျှစောကြောင်း သိရှိနိုင်သည်။
၁၉၀၈ ခုနှစ်တွင် စက်မှုလက်မှုအထက်တန်းကျောင်း (Technical Hight School - T.H.S) များကို စတင် ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၁၂ ခုနှစ်အရောက်တွင်မူ Government Technical Institute (G.T.I) ခေါ် အစိုးရ စက်မှုလက်မှု သိပ္ပံများကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၁၂ ခုနှစ်သည် ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှုဖြစ်ပွားသည့် အချိန်ကာလ ဖြစ်သည်။
၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ အင်ဂျင်နီယာပညာ မဟာဌာနကိုဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်အဆင့် အင်ဂျင်နီယာ ပညာများကို စတင်သင်ကြားပေးခဲ့သည်။ ၁၉၂၇ ခုနှစ် အရောက်တွင်မူ အင်ဂျင်နီယာပညာ မဟာဌာနသည် ဗြိတိသျှပိုင် Burma Oil Company က မတည်ဖွင့်လှစ်ခဲ့သည့် ဘီအိုစီကောလိပ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံ စက်မှု တက္ကသိုလ် (Burma Institute of Technology - B.I.T)ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် B.I.T သည် ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology - R.I.T) အဖြစ် ပြောင်းလဲသွားခဲ့သည်။
၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ် (R.I.T) ၏ အင်္ဂလိပ်ဘာသာအခေါ်အဝေါ်ကို Yangon Institute of Technology - Y.I.T ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၉၁ ခုနှစ်အရောက်တွင်မူ မန္တလေး စက်မှုတက္ကသိုလ် (Mandalay Institute of Technology-M.I.T)ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းဖြစ်ပေါ်လာကာ စက်မှုတက္ကသိုလ်များကို အဆိုပါဝန်ကြီး ဌာနအောက်သို့ သွတ်သွင်းခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ပြည်စက်မှုတက္ကသိုလ် (Pyay Institute of Technology-P.I.T) ကို ထပ်မံဖွင့်လှစ်ခဲ့ပြီးနောက် ထိုနှစ်အတွင်းမှာပင် စက်မှုတက္ကသိုလ်များအားလုံးကို နည်းပညာတက္ကသိုလ် (Technological University) ဟု အမည် ပြောင်းလဲကာ သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံအနှံ့အပြား၌ အင်ဂျင်နီယာပညာရပ်များကို သင်ကြားပေးသည့် နည်းပညာတက္ကသိုလ် အများအပြား ထပ်မံပေါ်ထွက်လာခဲ့သည်။
အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ်များကို လေ့လာသင်ကြား၊ လေ့ကျင့်မှု အတွေ့အကြုံတို့မှ ရရှိလာသော အသိပညာ၊ အတတ်ပညာများကို အခြေခံလျက် သဘာဝသယံဇာတနှင့် လူသားအရင်း အမြစ်တို့အား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အသုံးချကာ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမည့် အဆောက်အအုံများ၊ စက်ကိရိယာနှင့် ယာဉ်ယန္တရား၊ ဝတ္ထုပစ္စည်းနှင့် စွမ်းအားများ၊ ထုတ်လုပ်မှုနည်းစဉ်များ စသည်တို့ကို ပုံစံထုတ်တွက်ချက်ပြီး တည်ဆောက်ထိန်းသိမ်းပေး နိုင်စွမ်းရှိသော ပညာရပ်ဖြစ်သည်။ တစ်နည်းဆိုရသော် အသိဉာဏ်နှင့် ယှဉ်ကာ အသုံးချဆောင်ရွက်ရသော ပညာရပ်တစ်ခုဖြစ်သည်။
အင်ဂျင်နီယာ အဖွဲ့အစည်းများ၏ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုပါက မြန်မာ့သမိုင်းတွင် အင်ဂျင်နီယာ လောကသား အားလုံးတို့အတွက် အားကိုးအားထားပြုစရာ ပထမဆုံးသော အဖွဲ့အစည်းအဖြစ် ၁၉၁၆ ခုနှစ်က မြန်မာနိုင်ငံ အင်ဂျင်နီယာကွန်ဂရက် (The Burma Engineer Congress) စတင်ဖွဲ့စည်း ပေါ်ပေါက် ခဲ့သည်။ ၁၉၂၇ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ အင်ဂျင် နီယာများ အသင်း (The Association of Engineers in Burma) ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလဖြစ်သော ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်များအတွင်း၌ မြန်မာနိုင်ငံ အင်ဂျင်နီယာ များအသင်း၏ လှုပ်ရှား ဆောင်ရွက်မှုများ ရပ်တန့်သွားခဲ့ပြီး စစ်ကြီးပြီးဆုံးပြီးနောက် ၁၉၄၆ ခုနှစ်ရောက်မှ လှုပ်ရှားမှုများကို ပြန်လည်စတင်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး အစိုးရတက်လာပြီး ၁၉၆၃ ခုနှစ် တွင် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေကို ပြဋ္ဌာန်းအတည်ပြု ခဲ့သဖြင့် အဆိုပါဥပဒေအရ အခြားသော အသင်းအဖွဲ့များနှင့်အတူ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းလည်း ဖျက်သိမ်း ခံခဲ့ရသည်။
ထိုကဲ့သို့ ဖျက်သိမ်းခံခဲ့ရပြီးနောက် နှစ်ပေါင်းသုံးဆယ် ကျော်အကြာ ၁၉၉၅ ခုနှစ် အရောက်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (Myanmar Engineering Society -M.E.S ) ကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသည် အာဆီယံ အင်ဂျင်နီယာ အသင်းချုပ်ဖြစ်သော ASEAN Federation of Engineering Organization (AFEO)သို့ နိုင်ငံကိုယ်စားပြု အသင်းဝင်အဖြစ် ဝင်ရောက်ခဲ့ရာမှ အစပြု၍ မြန်မာနိုင်ငံသား အင်ဂျင်နီယာများအား အာဆီယံအဆင့်သို့ မြှင့်တင် ဆောင်ရွက်ရေးလုပ်ငန်းစဉ် နှစ်ရပ်ဖြစ်သည့် Mobility of Engineer နှင့် Librealisation of Profession Services Within ASEAN တို့ကို လေ့လာသိရှိခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်ကြီးများကို ဆောင်ရွက်နိုင်ရေးအတွက် အင်ဂျင်နီယာများအား ထိန်းချုပ်ကွပ်ကဲနိုင်မည့် စည်းမျဉ်းဥပဒေများပြဋ္ဌာန်းရန် လိုအပ်ကြောင်းကိုပါ တစ်ပါတည်းသဘောပေါက် နားလည်ခဲ့ကြသည့် အတွက် ၂၀၀၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၌ ဥပဒေကြမ်းတစ်ရပ်ကို စတင်ပြုစုခဲ့ကြသည်။
ထိုမှတစ်ဆင့် ၂၀၀၅ ခုနှစ်တွင် အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အာဆီယံ အပြန်အလှန် အသိအမှတ်ပြုခြင်း ဆိုင်ရာ အစီအမံ (ASEAN Mutual Recognition Arrangement of Engineering Services -MRA ) ကို နိုင်ငံတော်အဆင့်ဖြင့် လက်မှတ်ရေးထိုးခဲ့ သည်။ ထိုအစီအမံသည် အာဆီယံစီးပွားရေး အသိုက်အမြုံ ပေါ်ထွန်းလာရေးအတွက် လိုအပ်ချက် တစ်ရပ်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့များမှ ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ စုပေါင်းပါဝင်ကာ ထိုအစီအမံကို ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ အစီအမံအရ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် (Professional Engineer ) အဖြစ် စိစစ်အသိအမှတ်ပြု ရေး၊ နိုင်ငံခြားသား မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင် (Registered Foreign Professional Engineer) အဖြစ်စိစစ် အသိအမှတ်ပြုရေးနှင့် ပညာရှင်များ ကြီးကြပ်ထိန်းသိမ်းမှု အာဏာပိုင်အဖွဲ့ (Professional Regulatory Authority) ဖွဲ့စည်းရေးတို့ကို အမျိုးသားအဆင့်ဖြင့် ဆောင်ရွက်ရန် တောင်းဆိုခြင်းခံခဲ့ရသည်။
ထို့ပြင် အဆိုပါအစီအမံအရ အင်ဂျင်နီယာပညာရှင်များအား ထိန်းချုပ်ကွပ်ကဲသည့် ဥပဒေနှင့် နည်းဥပဒေ (Law & Regulations ) ရေးဆွဲရန်၊ အင်ဂျင်နီယာ အချင်း ချင်း နှီးနှောဆက်သွယ်သည့် ပညာရှင်အသင်းအဖွဲ့ (Professional Association) ဖွဲ့စည်းရန်၊ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်အဖြစ် အရည်အချင်းပြည့်မီ ကြောင်း စိစစ်အသိအမှတ်ပြုသည့်စနစ် (Qualifying as a Professional Engineer) ဖော်ဆောင်ရန်နှင့် အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ခွင့် (Setting- up an Engineering Practice) တည်ရှိရန်တို့ကိုလည်း မဖြစ်မနေ လိုအပ်လာခဲ့သည်။
ထိုကဲ့သို့သော လိုအပ်ချက်များအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်တကွ အခြားသော ဝန်ကြီးဌာနများမှ ကျွမ်းကျင်သူများ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဝါရင့်အင်ဂျင်နီယာကြီးများက နိုင်ငံတကာရှိ အင်ဂျင်နီယာကောင်စီ ဥပဒေများကို ကိုးကားလျက် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြုစုခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း အာဆီယံအပြန်အလှန် အသိအမှတ် ပြုခြင်းဆိုင်ရာ အစီအမံအရ နိုင်ငံတော်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၌ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ စည်းမျဉ်းကြပ်မတ်ရေး အာဏာပိုင် အဖွဲ့ (Professional Regulatory Authority-PRA) ကို ဖွဲ့စည်းပေးခဲ့သည်။
ထိုအဖွဲ့က သတ်မှတ်အရည်အချင်းပြည့်မီသော မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များအနေဖြင့် အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်လက်မှတ် ရရှိရေးအတွက် စိစစ်ထောက်ခံတင်ပြခြင်းနှင့် နိုင်ငံခြားသား အင်ဂျင်နီယာများ၏ မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်လက်မှတ် လျှောက်ထားမှုများကို စိစစ်ကာ မြန်မာနိုင်ငံအတွင်း၌ အင်ဂျင်နီယာ ပညာရှင်အဖြစ် လုပ်ကိုင်ခွင့်ပြုရေး၊ နိုင်ငံခြားသား မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်များအား ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲရေး၊ အင်ဂျင်နီယာဆိုင်ရာ လက်တွေ့လုပ်ငန်းများ၏ အဆင့်အတန်း မြှင့်တင်ထိန်းသိမ်းရေး၊ ဥပဒေပြဋ္ဌာန်းမှုကို လက်တွေ့ ကျင့်သုံးသည့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စံနှုန်းများနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများမှ အင်ဂျင်နီယာ များအကြား ဖလှယ်နိုင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် အာဆီယံ အပြန်အလှန် အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်အစိုးရက ကြီးကြပ်မှုကော်မတီ ( Monitoring Committee - MC )ကို ၂၀၁၁ ခုနှစ် တွင်လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ စိစစ်ရေးဘုတ်အဖွဲ့ (Myanmar Board of Engineer ) ကို ၂၀၁၂ ခုနှစ် တွင်လည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ဖွဲ့စည်းပေးခဲ့သည်။
ထိုကဲ့သို့ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေခဲ့ကြခြင်း၏ အကျိုးရလဒ်အဖြစ် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေ ပေါ်ထွက်လာခဲ့သည်။ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၃၇ အဖြစ် ပေါ်ထွက်လာသော မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေအရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ကာ ယခင်က ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စည်းမျဉ်းကြပ်မတ်ရေး အာဏာပိုင်အဖွဲ့၊ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ စီစစ်ရေးဘုတ်အဖွဲ့တို့၏ တာဝန်နှင့် ဝတ္တရားများကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက လွှဲပြောင်းလက်ခံရယူခဲ့သည်။
မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များနှင့် အင်ဂျင်နီယာများထဲတွင် အမျိုးသမီးများကလည်း အရေးကြီးသော အခန်းကဏ္ဍက ပါဝင်လျက်ရှိနေကြသည်။ ပုဂ္ဂလိက အင်ဂျင်နီယာလုပ်ငန်းခွင်များ၊ နိုင်ငံ့အဖွဲ့အစည်း အသီးသီးရှိ အင်ဂျင်နီယာ လုပ်ငန်းခွင်များ၊ အင်ဂျင်နီယာပညာသင်ကြားပေးနေသည့် တက္ကသိုလ်များ၊ အင်ဂျင်နီယာလုပ်ငန်းနှင့် အင်ဂျင်နီယာပညာ ရပ်ဆိုင်ရာ အဖွဲ့အစည်းများစသည်တို့တွင် မြန်မာအမျိုးသမီး အင်ဂျင်နီယာများသည် နယ်ပယ်အသီးသီး၏ ကျရာ ကဏ္ဍမှနေ၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
စည်းမျဉ်းကြပ်မတ်ရေး ဥသျှောင်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့တွင်လည်း ကောင်စီဝင် အမျိုးသမီး အင်ဂျင်နီယာပညာရှင်များ၊ အသင်းဝင် အမျိုး သမီး အင်ဂျင်နီယာပညာရှင်နှင့် အင်ဂျင်နီယာများက တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။
မြန်မာအမျိုးသမီး အင်ဂျင်နီယာတို့၏ စွမ်းပကား တစ်ရပ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က The 1 st Myanmar Women Engineers Summit ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကို တွေ့မြင်ခဲ့ရသည်။ အဆိုပါအခမ်းအနားတွင် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် (WPEO)၏ ဥက္ကဋ္ဌဟောင်းဖြစ်သည့် အမျိုးသမီး အင်ဂျင်နီယာ ပညာရှင်ကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များကွန်ရက် (INWES)၏ ဥက္ကဋ္ဌဖြစ်သူ အမျိုးသမီး အင်ဂျင်နီယာ ပညာရှင်ကလည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ အမျိုးသမီးအင်ဂျင်နီယာ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူကလည်းကောင်း မိမိတို့အဖွဲ့အစည်းများ၌ အမျိုးသမီး အင်ဂျင်နီယာပညာရှင်များနှင့် အင်ဂျင်နီယာများ၏ လှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
The 1 st Myanmar Women Engineers Summit သည် မြန်မာအမျိုးသမီး အင်ဂျင်နီယာတို့ အတွက် ဂုဏ်ယူဖွယ်မှတ်တမ်း တစ်ရပ်ဖြစ်သလို မြန်မာအင်ဂျင်နီယာလောက တစ်ရပ်လုံးအတွက်လည်း ထူးခြားသော သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်ပေသည်။ အချုပ်ဆိုရသော် မြန်မာအမျိုးသမီးအင်ဂျင်နီယာတို့ကို နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီဖြစ်သော မြန်မာ့အင်ဂျင်နီယာ အဖွဲ့အစည်း အဆက်ဆက်တို့အတွက် အားကိုးအားထားပြုရမည့် စွမ်းအားစုတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်မိပါတော့သည်။ ။