ရန်ကုန်  ၂၈  ဧပြီ   


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် ``Honoring  brands  in  cultural activities and international integration ´´ ဖျော်ဖြေ ပွဲကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည်။

 

 


ဖျော်ဖြေပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး  H.E. Dr. Luan Thuy Duong နှင့် ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး  H.E. Dr. Luan Thuy Duong တို့က နှုတ်ခွန်းဆက် အမှာ စကားပြောကြားသည်။ 

 


ယင်းနောက် ဖျော်ဖြေပွဲကိုစတင်ရာ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် မှ အနုပညာရှင် များက နတ်တို့ပျော်ရာ  တာဝတိံသာ ယိမ်းအက၊ခေတ်ခြောက်ခေတ် ယိမ်း အက(ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်၊ ရတနာပုံ၊ မျက်မှောက်)၊ မြန်မာ့ မင်္ဂလာ ယိမ်းအက၊ သာစွမြန်မာပြည်ယိမ်းအကတို့ဖြင့်လည်းကောင်း ၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု အနုပညာအဖွဲ့က ဗီယက်နမ် အက(Tray  hoi  xuan)၊ ဗီယက်နမ် ယက်တောင် အက တို့အပြင် ဗီယက်နမ် ရိုးရာ တီးမှုတ်ဖျော်ဖြေမှုများဖြင့်လည်းကောင်း ၊ နှစ်နိုင်ငံ ပူးပေါင်း သီဆိုကပြဖျော်ဖြေမှုများဖြင့် လည်းကောင်း တင်ဆက် ကပြဖျော်ဖြေကြရာ လာရောက်ကြည့်ရှုကြသည့် ပရိတ်သတ်များ တစ်ခဲနက်အားပေးကြသည်။

 


ဖျော်ဖြေပွဲနှင့်ပတ်သက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခ ချုပ် ဦးအောင်နိုင်မြင့်က ``ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကတော့ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ တို့ရဲ့ ၄၃ နှစ်မြောက် ချစ်ကြည်ရင်းနှီးမှု ဆက်သွယ်တဲ့ အထိမ်းအမှတ် နှစ်အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ နှစ်နိုင်ငံ MoU ထိုးထားပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ အခုလို နှစ်နိုင်ငံ ယဉ်ကျေးမှု အဖွဲ့တွေ ပူးပေါင်းပြီး  ယဉ်ကျေးမှုဖလှယ်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခုလိုကျင်းပနေသလိုပဲ ဗီယက်နမ်နိုင်ငံမှာလည်း မြန်မာနိုင်ငံက ယဉ်ကျေးမှုအနုပညာရှင်အဖွဲ့တွေက သွားရောက်ပြီးတစ်ချိန်တည်းမှာ ဖျော်ဖြေလျက်ရှိပါတယ်´´ ဟုပြောကြားသည်။

 

ကမာရွတ်မြို့နယ်မှ ဒေါ်သီတာက `` နှစ်နိုင်ငံ ယဉ်ကျေးမှုဖျော်ဖြေပွဲဆိုလို့ မိသားစုနဲ့ အတူ လာရောက်ကြည့်ရှုတာပါ။ ဗီယက်နမ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု  အကတွေကို အခုမှ ကြည့်ဖူးတာပါ။ အကတွေလည်းတော်တော်ကောင်းပါတယ်။ သူတို့ရဲ့ ရိုးရာ သံစဉ် တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုလို ဖျော်ဖြေပွဲတွေများများလုပ်ခြင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုရရှိလာလိမ့်မယ်လို့ထင်ပါတယ်´´ဟုပြောသည်။


ယနေ့ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ ယဉ်ကျေးမှု အနုပညာ အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု အနုပညာအဖွဲ့တို့ ပူးပေါင်း ဖျော်ဖြေ တင်ဆက် ခြင်းဖြစ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ တို့ အကြား လက်မှတ်ရေးထိုးခဲ့သည့် Cultural  Cooperation  Program (2017-2020) အရ အဆိုပါဖျော်ဖြေပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။


သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး