ကိုဇော်ဌေး(ယဉ်ကျေးမှု)

 

ဆိုင်းပညာရှင်အဖြစ်သို့ ရောက်လိုသူ တစ်ဦးသည် ငယ်ရွယ်စဉ်အခါမှစ၍ အားကိုးလောက်သောပညာရှင် ဆိုင်းဆရာကြီးထံ၌  နှစ်ရှည်လများ တပည့်ခံပြီးလျှင် ဆိုင်းသမားအဖြစ်မှ ပတ်တီးလက်ထောက်၊ ပတ်တီး ခေါင်းဆောင်အဖြစ်သို့ တစ်စတစ်စ တိုးတက်ရောက်ရှိသည့်တိုင်အောင် အထူးဝီရိယစိုက်၍ ပညာဆည်းပူးပါမှ ဆိုင်းဆရာအဖြစ်သို့ ရောက်ရှိနိုင်လေသည်။ ဤကဲ့သို့သော ဇွဲ၊ ဝီရိယဖြင့် အားခဲလေ့လာ ကြိုးစားခဲ့ကြသဖြင့် မြန်မာနိုင်ငံ ဆိုင်းလောကတွင် ကျော်ကြားခဲ့ကြသော ဆိုင်းဆရာများသည် မြန်မာမင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ပင် အသီးသီးပေါ်ထွက်ခဲ့ကြလေသည်။ သို့ရာတွင် အချို့သော ဆိုင်းဆရာ အဆက်အနွှယ်တို့သည် ရိုးရာဖြစ်သောဆိုင်းပညာကို ဆက်ခံလိုက်စားခြင်းနည်းပါးသဖြင့် တဖြည်းဖြည်းမှေးမှိန် တိမ်ကောသွားကြရသည်။ အချို့သောဆိုင်းဆရာကြီးများ၏ သားမြေးတို့သည်ကား ဆိုင်းပညာကိုစွန့်၍ ဇာတ်သဘင်ပညာဖြင့် အသက်မွေးကြသည်။ အချို့မှာမူ ရိုးရာဆိုင်းပညာကို လိုက်စားပါသော်လည်း မိဘဘိုးဘွားများကဲ့သို့ ထူးချွန်ကျော်ကြားခြင်းမရှိကြချေ။ သို့ဖြင့်ဆိုင်းပညာရှင်ကြီးများ ဖြစ်ကြသည့် ‘ဆရာအုန်း’၊ ‘ဆရာလတ်’ တို့၏ အဆက်အနွှယ်များသည် မြန်မာနိုင်ငံဆိုင်းလောကတွင် တိမ်ကောခဲ့ကြရသည်။

 

ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း လက်ထက်၌ ဆိုင်းဆရာကြီး ဦးရောင်နီသည် နန်းသုံးဆိုင်းတော်ကြီးအဖြစ် ချီးမြှောက်ခန့်ထားခြင်းခံရသည်။ ဦးရောင်နီသည် ကနောင်မြို့သားဇာတိ ဖြစ်သည်။ ၎င်း၏သားနှစ်ယောက်ဖြစ် သော ဦးရွှေလွှာနှင့် ဦးရွှေအိမ်တို့သည်လည်းကောင်း၊ မြေးများဖြစ်သူ ဦးရွှေလွှာ၏သား ဆရာစိုးနှင့် ဦးရွှေအိမ်၏သား ဦးရေချမ်းတို့သည်လည်းကောင်း၊ မြစ်ဖြစ်သူ ဆရာစိုး၏ သားမောင်ငယ်သည် လည်းကောင်း ဦးရောင်နီ၏ အမွေကိုဆက်ခံကာ ဆိုင်းဆရာများဖြစ်လာကြသည်။ ဆရာစိုးနှင့် မောင်ငယ်တို့သည် ရန်ကုန်မြို့ မင်းမနိုင်ကွက်သစ်ခေတ်၌ အတူနေထိုင် ဆိုင်းတီးခဲ့ကြကြောင်း နောက်ဆုံးသိရသည်။

 

သီပေါမင်းလက်ထက် ပါတော်မမူမီ လေးနှစ်ခန့်တွင် လက်ဝဲဆိုင်းမှ လက်ယာဆိုင်းတော်အဖြစ် ချီးမြှင့်ခြင်း ခံရသူမှာ ဆိုင်းဆရာကြီး ဆရာဖေဖြစ်သည်။ ဆရာဖေသည် မန္တလေးမြို့ မဟာမုနိဘုရားကြီးအနီး အရှေ့ရွာသစ်သားဖြစ်သည်။ အရွယ်ရောက်သော် အရှေ့ရွာသစ်သူ ဒေါ်သစ်နှင့်အကြောင်းပါ၍ နောင်အခါ မြန်မာနိုင်ငံဆိုင်းလောကတွင် ဆရာစိမ့်ဟူ၍ ထင်ပေါ်ကျော်ကြားမည့်သားတစ်ယောက် ထွန်းကားသည်။ ဒေါ်သစ်ကွယ်လွန်သော် ဆရာဖေသည် မိကျောင်းတူရိယာကို တီးတတ်သော နန်းတွင်းအပျိုတော် မမလေးနှင့် အိမ်ထောင်ဆက်ပြန်ရာ သားတစ်ယောက်နှင့် သမီးနှစ်ယောက်ထွန်းကားသည်။ သားဖြစ်သူမှာ နောင်အခါ မြန်မာနိုင်ငံ ဆိုင်းလောကတွင် ရွာစားကြီးစိန်ဗေဒါဟု ကျော်ကြားမည့် ဦးမောင်ကလေးဖြစ်သည်။ သမီးကြီး ဒေါ်သီကား မိကျောင်းတီးပညာ၌ကျွမ်းကျင်၍ သမီးငယ်မယ်လှိုင်သည် နောင်အခါ နာမည်ကျော် အငြိမ့်မင်းသမီး မငွေလှိုင်ဟု ထင်ပေါ်ကျော်ကြားခဲ့သည်။

 

ရွာစားကြီးဆရာဖေသည် သီပေါမင်းလက်ထက်တွင် ဆိုင်းအလံလေးချက်၊ ‘ဘွဲ့ဖြူ’ စိန်ဆိုင်းဝိုင်းတစ်စုံနှင့် ဖန်ပဒိုင်းများကို ချီးမြှင့်ခြင်းခံရသည်။ ထို့နောက် သီပေါမင်းက ဆရာဖေအား နေမျိုးကျော် ခေါင်ဘွဲ့ပေးအပ်၍ ပလိပ်မြို့အနီးရှိ ဆီဆုံ ၁၀ ရွာကို စားစေသည့်အပြင် မန္တလေးမြို့တွင်း၌ နေထိုင်ခွင့်ပေးသည်။ ထိုနေရာကို “ဆိုင်းဝင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။

 

ဆိုင်းရာဇဝင်တွင် ထင်ရှားသူ

 

ဆရာဖေ၏တပည့်ဖြစ်သူ အမရပူရမြို့သား ဆရာပေသည်လည်း ဆိုင်း ရာဇဝင်တွင် ထင်ရှားသူဖြစ်သည်။ ဆရာ ဖေသည် နန်းတွင်း၌အသုံးတော်ခံခဲ့စဉ် အခါများက ဆရာပေအား မိမိနှင့်အတူ လိုက်ပါစေခဲ့သည်။ ဆရာပေသည် ဆရာဖေ၏ သားများဖြစ်ကြသော ဆရာစိမ့်နှင့် ဦးမောင်ကလေး (စိန်ဗေဒါ) တို့ကို ငယ်ရွယ်စဉ်အခါက ယင်းတို့၏ဖခင်ကြီး ဆရာဖေနှင့်အတူ ဆိုင်းအတတ်ကို အထူးဝါယမ စိုက်ထုတ်ကာ သင်ကြားပေးခဲ့သူလည်း ဖြစ်သည်။ သို့သော် ဆရာပေသည် ဆရာဖေ၏သားကြီး ဆရာစိမ့် ဆိုင်းခွဲ၍ ထောင်ပြီးသည့်နောက်မှသာလျှင် ဆိုင်းခွဲထောင်ခွင့်ကိုရရှိခဲ့သည်။ ဆိုင်းပညာကို သင်ကြားရာတွင် တင်းတိမ်ခြင်းမရှိသည့် ဆရာပေသည် ဆရာဖေနှင့် ခွဲခွာပြီးနောက် ဆိုင်းဆရာကြီး ဦးကျော်ဇံအား သူနှင့်အတူလိုက်ပါနေထိုင်ရန် ပန်ကြားသည်။ ထို့ပြင် မုံရွာခရိုင် အရာတော်မြို့မှနှဲဆရာကြီး ဦးရွှေဖောင်၏သား မန္တလေး မြို့ ဂုဏ်တန်ရပ်နေ နှဲဆရာ ဦးမှင်ကိုပါ အတူခေါ်၍ မန္တလေးမှ ပြည်သို့စုန်ဆင်း ခဲ့သည်။ နှဲဆရာ ဦးမှင်ကား အလင်္ကာ ကျော်စွာ ဦးဟံပ၏ဖခင်ဖြစ်သည်။

 

ထိုအခါမှစကာ မြန်မာနိုင်ငံမြေလတ်ပိုင်း၌ ဆိုင်းပညာတိုးတက်ပြန့်ပွားခဲ့သည်။ မန္တလေးမြို့သည် အချက်အချာ ဌာနဖြစ်မြဲရှိသည်။ ဆရာဖေနှင့် ဦးကျော်ဇံတို့ထံ၌ တပည့်တပန်းများ လည်းပေါများလာသည်။ ယင်းတို့အနက် နှဲဆရာဦးမှင်၏သား ဦးဟံပ၊ ယင်း၏ညီ ဦးလှဖေနှင့် ဆရာပေ၏သား ဦးဘစံတို့လည်းပါဝင်သည်။ ဆရာပေ၏ သား ဦးဘစံနှင့် ဦးလှဖေတို့သည် ဆိုင်းပညာ တွင် နာမည်ကျော်ပြီးမှ ကွယ်လွန်ခဲ့ကြသည်။

 

ရွာစားကြီး ဆရာဖေ၏ နောက်၌ မြန်မာနိုင်ငံဆိုင်းလောကတွင် နှစ်ပေါင်းအတော်ကြာ ပြိုင်ဘက်ကင်းသူအဖြစ် ထင်ရှားသူမှာ ဆရာစိမ့်ဖြစ်သည်။ ဆရာ စိမ့်ကို အဖ ရွာစားကြီးဆရာဖေနှင့် အမိ ဒေါ်သစ်တို့မှ သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် မန္တလေးမြို့ မဟာမုနိဘုရားကြီးအနီး အရှေ့ရွာသစ်၌ဖွားမြင်သည်။ အသားညိုသဖြင့် သူ့ကို ကျီးကန်းကလေးဟု ခေါ်သည်။ ငယ်ရွယ်စဉ်ကပင် မိမိ၏ဖခင် ကြီး ဆရာဖေနှင့် ဆရာဖေ၏တပည့်ကြီး ဖြစ်သူ ဆရာပေတို့ထံတွင် ဆိုင်းအတတ်ကို အထူးလေ့လာသင်ကြားသည်။ ဖခင် ကြီး ဆရာဖေ ရွှေနန်းတော်တွင်းသို့ အသုံး တော်ခံ ဝင်ရောက်သောအခါများတွင် လည်း အတူလိုက်ပါသွားလေ့ရှိသည်။စောင်းအတတ်ကို ဒေဝဣန္ဒာ ဦးမောင် မောင်ကြီးထံ၌လည်းကောင်း၊ မိကျောင်းတီးအတတ်ကို ဆေးဆရာကြီး မိကျောင်းဝိဇ္ဇာ ဦးမောင်မောင်ကြီးထံ၌ လည်းကောင်း လေ့လာသင်ကြားသည်။ ဆိုင်း ပညာကို ပတ်စာတင်နည်းမှစ၍ အစ အဆုံးတိုင် သင်ကြားတတ်မြောက်သည်။ မိမိဖခင်ထံမှ ဆိုင်းခွဲထောင်ပြီးနောက် ရုပ်စုံစင်တော်များ၊ ဇာတ်ပွဲများနှင့် တွဲဖက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အောက်ပိုင်းသို့ စုန်ဆင်းလာ၍ နောင်အခါ ဦးဖိုးစိန်ကြီးဟု ထင်ပေါ်ကျော်ကြားလာ မည့် မင်းသားမောင်ဖိုးစိန်နှင့် ဟင်္သာတ မြို့တွင် စတင်တွဲဖက်ကပြခဲ့သည်။ ဆရာ စိမ့်၊ မင်းသားမောင်ဖိုးသိုက်၊ အောင်ဗလ၊ နှဲဆရာဦးဇေယျာတို့သည် ကျော်ကြားသော ဇာတ်အဖွဲ့ကြီးတစ်ဖွဲ့အဖြစ် ထင်ရှားခဲ့သည်။ ဆရာစိမ့်သည် မန္တလေး သူ ဒေါ်တိုးနှင့်အကြောင်းပါရာ နာမည် ကျော် စန္ဒရားမမကြီးဟူသော သမီး တစ်ယောက်ကိုဖွားမြင်သည်။ မြန်မာ နိုင်ငံအောက်ပိုင်းသို့ ရောက်သောအခါ ဒုတိယအိမ်ထောင်ဖက်အဖြစ် ဦးဖိုးစိန် (မင်းသားမောင်ဖိုးသိုက်)၏ အစ်မဝမ်းကွဲ တော်သူ ဒေါ်စိန်မြိုင်နှင့် လက်ဆက်ခဲ့ပြန်ရာ တစ်ဦးတည်းသောသား ဦးဘမောင်ကို ဖွားမြင်သည်။ ဦးဘမောင်သည် နာမည်ကြီးဆိုင်းဆရာ ဦးဘမောင် အဖြစ် ထင်ရှားလာခဲ့သူဖြစ်သည်။ ဆရာစိမ့်သည် ပတ်ရင်းကောင်းခြင်း၊ ပတ်သံသာခြင်း၊ အခြောက်အလှန့် ကောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ အတီး(ဆိုင်း)လောကတွင် ပြိုင်ဘက်ကင်း သူအဖြစ် ထင်ရှားသည်။ ၁၂၇၈ ခုနှစ် တွင် မန္တလေးမြို့၌ပင် ဆရာစိမ့် ကွယ်လွန်ခဲ့သည်။

 

ဆရာစိမ့် ကွယ်လွန်ပြီးနောက် မြန်မာနိုင်ငံဆိုင်းလောကတွင် နှစ်ပေါင်း ၃၀ မျှ ပြိုင်ဘက်ကင်းသူအဖြစ် ထင်ရှား ကျော်ကြားခဲ့သူမှာ ရွာစားကြီး စိန်ဗေဒါခေါ် ဦးမောင်ကလေးဖြစ်သည်။ ဦးမောင်ကလေးကို အဖရွာစားကြီး ဆရာဖေနှင့် အမိနန်းတွင်းသူ ဒေါ်မမလေးတို့မှ သက္ကရာဇ် ၁၂၄၄ ခုနှစ် တန်ဆောင်မုန်းလကွယ် (သောကြာနေ့)တွင် မန္တလေးမြို့ ဆိုင်းဝင်းရပ်၌ မွေးဖွားသည်။

 

၁၂ လုံးဒိုးခေါ် နရည်း

 

ဆရာစိမ့်သည် ဦးမောင်ကလေးနှင့် အဖေတူအမေကွဲ ညီအစ်ကိုဖြစ်သည်။ ဦးမောင်ကလေးသည် ငယ်စဉ်အခါကပင် ၁၂ လုံးဒိုးခေါ် နရည်းကို ကြားရသူတိုင်း ဘဝင်စိမ့်အောင် တီးနိုင်သည်။ ဦးမောင်ကလေးသည် မိမိဖခင်ကြီး ဆရာဖေ၊ ယင်း၏တပည့်ကြီး ဆရာပေ၊ ဆိုင်းဆရာကြီး ဦးကျော်ဇံ အစရှိသော ဆိုင်းပညာရှင်တို့၏ တီးလုံး၊ တီးကွက် မူအမျိုးမျိုးတို့ကို သင်ကြားခံယူခဲ့ရခြင်း၊ တူရိယာအမျိုးမျိုးကို တီးမှုတ်ခြင်း အတတ်တို့ကို လေ့လာတတ်ကျွမ်းခြင်းများကြောင့် ဆိုင်းအတတ်တွင် ပိုမို၍ လာဘ်မြင်ခဲ့လေသည်။ ပညာစုံသောအခါ ဦးမောင်ကလေးသည် မင်းသား ဦးဖိုးကွန်း၊ မင်းသမီး ဒေါ်ထွေးလေးတို့ ဇာတ်အဖွဲ့နှင့် မန္တလေးမှ ရန်ကုန်သို့ ဆင်းလာခဲ့သည်။ ရန်ကုန်တွင် “ဗေဒါဗေဒါ နင့်ဘူးကို ဘယ်သူချဲ့ ပြောဟဲ့ ဗေဒါ မိဗေဒါ”ဟု အစချီသော သီချင်းကို တီးပရာ သူ၏လက်သံကို ရန်ကုန်လူထုက အထူးနှစ်ခြိုက်ပြီးလျှင် သူ့အား ဗေဒါ မောင်ကလေးဟု ခေါ်စမှတ်ပြုသည်။ မန္တလေးသို့ ပြန်ရောက်သောအခါ ဦးမောင်ကလေး၏သတင်းမှာ ပိုမိုသင်းပျံ့လာပြီး “စိန်ဗေဒါ” ဟူသောအမည်ကို လူထုပရိသတ်ထံမှ ခံယူရရှိခဲ့လေတော့သည်။ စိန်ဗေဒါ ခေါ် ဦးမောင်ကလေးသည် ၁၂၇၂ ခုနှစ်တွင် အိန္ဒိယပြည် ရတနာဂီရိစံ သီပေါမင်းထံသို့ အသုံးတော် ခံသွားခဲ့သည်။ သီပေါမင်းက ဦးမောင် ကလေးအား “နေမျိုးဗလကျော်သူ” ဟူသော ဘွဲ့တံဆိပ်နှင့်အတူ ရွှေဆိုင်းအလံလေးချက်၊ ဖန်ပဒိုင်းတို့ကို ချီးမြှင့်လိုက်သည်။ ၁၂၇၃ ခုနှစ်တွင်လည်း ဦးမောင်ကလေးသည် သီပေါမင်း၏ သမီးတော်များ နားထွင်းမင်္ဂလာပွဲတွင် အသုံးတော်ခံရန် ရတနာဂီရိသို့ ဒုတိယ အကြိမ် ရောက်ခဲ့သည်။

 

မြန်မာနိုင်ငံမှ ပင်လယ်ရပ်ခြား တိုင်းတစ်ပါးများသို့ သွားရောက်ခဲ့သော ဆိုင်းဆရာများအနက် စိန်ဗေဒါခေါ် ဦးမောင်ကလေးသည် ပထမဆုံး သွားရောက်ခဲ့သူဖြစ်သည်။ သူ၏ဇနီးမှာ အကတွင် ဝါသနာထုံသော ညောင်လေးပင်မြို့သူ ဒေါ်စိန်မေဖြစ်၍ သားသမီးတစ်ယောက်မျှ မထွန်းကားခဲ့ချေ။ သူ၏ နှဲတပည့်များမှာ ဆရာဆယ်၊ ဦးချစ်မောင်တို့ဖြစ်၍ ဆိုင်းတပည့်မှာ စိန်ငှက်ရိုး၊ စိန်ကျော်တင့်တို့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း လည်ချောင်းတွင် ကင်ဆာရောဂါစွဲကပ်သဖြင့် ပြွန်တန်ဆာမြို့မှ သူ၏တပည့် မိတ်ဆွေဖြစ်သူ မြန်မာညွန့် ဦးချစ်မောင်နှင့်အတူ ရန်ကုန်သို့ဆင်း၍ ဆေးကုရင်း ၁၃၀၄ ခုနှစ် တော်သလင်း လဆုတ် ၁၄ ရက်နေ့တွင် ရွှေတောင်တန်း၌ ကွယ်လွန်ခဲ့သည်။

 

လွတ်လပ်သော မြန်မာနိုင်ငံခေတ်တွင် ဆိုင်းပညာရှင် ဦးဟံပမှာ ထင်ရှား လာသည်။ ဦးဟံပကို သက္ကရာဇ် ၁၂၅၀ ပြည့်နှစ်တွင် မန္တလေးမြို့၌မွေးဖွားသည်။ သူ၏ဖခင်မှာ နာမည်ကြီးနှဲဆရာ ဦးမင်းဖြစ်သည်။ ဦးဟံပသည် ဆရာမိဘတို့ ခွင့်ပြုချက်အရ ပခန်းဆရာညို၏ ရုပ်သေး နှင့် စတင်တွဲဖက်ခဲ့သည်။

 

ထို့နောက် ဟင်္သာတသို့စုန်ဆင်းကာ ဗလာဆိုင်းတီးနေခဲ့သည်။ အသက် (၂၇) နှစ်အရွယ်တွင် ဦးစိန်ကတုံး၏ ဇာတ်အဖွဲ့နှင့်တွဲခဲ့သည်။ ထို့နောက် ဝါးခယ်မမြို့သို့ စုန်ဆင်း၍ ကာလအတော်ကြာနေခဲ့သည်။ အသက် (၃၁) နှစ်အရွယ်တွင် ဆရာစိမ့်၏ဇနီး ဒေါ်တိုးကခေါ်၍ မန္တလေးမြို့သို့တက်ကာ ကွယ်လွန်သူဆရာစိမ့်၏ ဆိုင်းကို သုံးနှစ်မျှတီးခဲ့သည်။ ဦးဟံပသည်အထက်သားဖြစ်သော်လည်း အောက်ပြည်၌သာ အနေအထိုင်များ၍ မြစ်ဝကျွန်းပေါ် ဒေသတွင် ထင်ရှားကျော်ကြားခဲ့သည်။ စိန်ဗေဒါကွယ်လွန်ပြီးနောက်မှ မန္တလေးမြို့သို့ သွားရောက်နေထိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ် ပြည်တော်သာ အခမ်းအနား၌ မန္တလေးမြို့မှ ပြည်တော်သာ အဖွဲ့ကြီးနှင့်အတူ ရန်ကုန်မြို့သို့ ရောက်လာပြီးများမကြာမီပင် နိုင်ငံတော်၏ ဆိုင်းအဖွဲ့ခေါင်းဆောင်အဖြစ် ချီးမြှောက်ခြင်းခံရသည်။ လွတ်လပ်ပြီးခေတ်တွင် ဦဟံပသည် ဆိုင်းဆရာများထဲမှ ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ ရရှိသူဖြစ်သည်။ ထို့ပြင် ထိုင်း၊ တရုတ်၊ ဆိုဗီယက်နိုင်ငံများသို့ ဆိုင်းဆရာများထဲမှ ပထမဆုံးသွားရောက်ခဲ့သူလည်း ဖြစ်ခဲ့သည်။ ဦးဟံပသည် တွံတေးဆံထောက်ခေါ် မင်းသမီးဒေါ်ငွေသင်နှင့် အကြောင်းပါ၍ မောင်ညွန့်လှိုင်ခေါ် သားတစ်ယောက် ထွန်းကားသည်။ ဦးဟံပသည် အမည်နှင့်လိုက်အောင် ဆိုင်းတီးသောအခါ ဟန်ပါသည်။ သူ၏ ပတ်သံမှာ မာ၍ကြည်သည်။

 

ဦးဖိုးစိန်၏ ဇာတ်အဖွဲ့၌ ပတ်မထိန်း အဖြစ်မှ ဆိုင်းဆရာကြီးအဖြစ်သို့ ရောက်ရှိထင်ရှားလာသူမှာ ဦးဘမောင် ဖြစ်သည်။ ဦးဘမောင်ကို ဆရာစိမ့်နှင့် အမိ ဒေါ်စိန်မြိုင်တို့မှ မွေးဖွားသည်။ ဆရာစိမ့်သည် ရွာစားကြီးစိန်ဗေဒါ၏ အစ်ကိုဖြစ်သည်။ ဒေါ်စိန်မြိုင်မှာ ဦးဖိုးစိန် ကြီး၏ အစ်မဝမ်းကွဲဖြစ်သည်။ ထို့ကြောင့် ဦးဘမောင်သည် မျိုးရိုးအားဖြင့်လည်းကောင်း၊ အဖသည်လည်းကောင်း၊ အမိသည်လည်းကောင်း၊ ဦးလေးတော်သူများသည် လည်းကောင်း ဆိုင်းလောက၊ ဇာတ်လောကတွင် ထင်ရှားသူများဖြစ်သဖြင့် ငယ်ရွယ်စဉ်ကပင် ရိုးရာဆိုင်း ပညာကို လေ့လာလိုက်စားခွင့်ရခဲ့သည်။ ဦးလေးတော်သူ ဦးဖိုးစိန်၏ဇာတ်အဖွဲ့နှင့် တွဲဖက် ခဲ့သည်။ ဦးလေးဝမ်းကွဲတော်သူ ဆိုင်းဆရာ ဆရာဆိတ်ထံတွင် ပတ်မထိန်းအဖြစ် ဝင်ရောက်ရာမှ ဆိုင်းဆရာ ကြီးအဖြစ် တက်လှမ်းကာ ဦးဖိုးစိန်၏ ဇာတ်၌ပင် နာမည်ကြီးခဲ့သည်။ ဦးဖိုးစိန် ကွယ်လွန်သောအခါ အခြားနာမည်ကြီး ဇာတ်များ၌ ဆက်လက်တီးခဲ့သည်။ ဦးဘမောင်သည် အဖ ရွာစားကြီး ဆရာ စိမ့်နည်းတူ လက်ကျကောင်းသည်။ ပတ်သံသာသည်။ ဇာတ်ပို့သောပညာကို သူမတူအောင် ပို့နိုင်သည်။ လွတ်လပ် သောခေတ်၌ ဆိုင်းဆရာများထဲတွင် ပထမဆုံး ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခံရသူဖြစ်သည်။ နာမည်ကျော် ဇာတ်မင်းသမီး ကြီး ဒေါ်ကြင်ဥနှင့်အကြောင်းပါ၍ သား တစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။

 

ပြည်မြို့၌ ဆရာပေနှင့် တစ်ချိန်တည်း နာမည်ကြီးခဲ့သော ဆိုင်းဆရာမှာ စစ်ကိုင်းဆရာညိုဖြစ်သည်။ ဆရာညိုသည် ဗလာဆိုင်းတီးခြင်းတွင် နာမည်ကျော်သည်။ ပတ်ဝိုင်းအတွင်း ဘီလူးခေါင်း ကိုဆောင်းလျက် ဒေါင်းတောင်များကို တပ်ဆင်ကာ ကသကဲ့သို့ တီးလေ့ရှိသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ အောက်ပိုင်း၌ နာမည်ကျော်လျက်ရှိသူမှာ ဆိုင်းဆရာကြီး ဦးမိုးညှင်းဖြစ်သည်။ ဦးမိုးညှင်း ပုလဲပတ်စာပိုး အတီးကောင်းသည်။ ဆရာပေကဲ့သို့ သူ့တွင်လည်း တပည့်များစွာရှိသည်။ ဦးမိုးညှင်းသည် ၁၉၁၈ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင် တိုင်၌ ကွယ်လွန်သည်။ ဦးမိုးညှင်း၏ တပည့်များအနက် ဘိလပ်ပြန် ဆရာ ညိုသင် ခေါ် ဆရာညိုသည် ၁၉၄၂ ခုနှစ် တွင် အင်္ဂလန်နိုင်ငံ ဝင်ဘလီပြပွဲသို့ မင်းသား ဦးဘလတ်တို့၏ဇာတ်အဖွဲ့နှင့် အတူ သွားရောက်ခဲ့ရာမှ ဘိလပ်ပြန် ဆရာညိုဟု ထင်ရှားလာသူဖြစ်သည်။

 

မြန်မာ့အတီး(ဆိုင်း) ပညာရှင်များ အနက် မန္တလေးနှင့် ပြည်မြို့တို့တွင် ထင်ရှားသည့် ဆရာနွဲ့၊ မြင်းခြံမြို့၌ ကျော်ကြားသည့် ဆရာပု၊ ဦးစိန်ကတုံး၏ ဖခင် ဆိုင်းဆရာကြီး ဦးကျော်ဦး၊ ဓနုဖြူ မြို့မှ ဆိုင်းဆရာကြီး ဦးကျော်ခေါင်၊ မန္တလေးမြို့မှ ပန်းကန်ဆိုင်းတီးခြင်းဖြင့် နာမည်ကျော်သည့် ဆရာသား၊ မုံရွာမှ ဆရာဘိန်း၊ ဆရာစိမ့်၏ တပည့်များ ဖြစ် ကြသော ယိုးဒယားသိန်းမေ၏ခင်ပွန်း ဦးဘမောင်၊ ထိန်တောဦးဘိုးခ၊ ပဲခူး နယ်သား ဦးရွှေဖဲနှင့် ကြည့်မြင်တိုင် ဆရာကြွယ်တို့ဖြစ်ကြသည်။ မအူပင် အပိုင် မလက်တိုရွာမှ ဆိုင်းဆရာဦးဖိုးရစ် နှင့် ယင်း၏ညီ ဦးဘဖေတို့သည် ပုလဲ ပတ်စာပိုးတီးခြင်း၌ ထင်ရှားကြသည့် ဆိုင်းဆရာများဖြစ်သည်။ ဆိုင်းဆရာကြီး ဦးမိုးညှင်း၏တပည့်ဖြစ်သူ ဦးထွန်းရင်သည်လည်း ရန်ကုန်တွင် ထင်ရှားခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်တွင် ကွယ်လွန်ခဲ့သည်။

 

မန္တလေးမှ စိန်ငှက်ရိုး၊ စိန်လေးမောင်၊ စိန်ကျော်တင့်၊ မုံရွာမှ ဆရာသက်၊ စိန်ဘထွန်း၊ မုံရွေး၌ စိန်ကြပေါ်တို့လည်း ထင်ရှားကြပြီး အတီး(ဆိုင်း)ပညာရှင်များ ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ဆရာစိမ့်နှင့် စိန်ဗေဒါတို့၏ အဆက်အနွှယ်များဖြစ်ကြသည်။

 

၁၉၉၃ ခုနှစ်မှ စတင်ခဲ့သော မြန်မာ့ ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကြောင့် အတီး(ဆိုင်း)ပညာရှင်များ ဆက်လက်ပေါ်ထွက်ခဲ့သည်။ ဆိုင်းပညာ အတွက် လက်ဆင့်ကမ်း အမွေထိန်းသိမ်း သယ်ဆောင်သူများဖြစ်သည်ဟု ဂုဏ်ပြုလိုပါသည်။ ယနေ့အချိန်ဝယ် ထိုပုဂ္ဂိုလ်များ၏ ဆက်လက်မျှဝေ ပညာအမွေ ကြောင့် အတီး(ဆိုင်း)ပညာသည် ခက်လက်ဝေဆာ သင်းပျံ့နေလျက် ရှိသည်။ မြန်မာ့ရိုးရာ အတီး(ဆိုင်း)ပညာ ရှင်များသည် သက်ရှည်ကျန်းမာစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါသည်။ ယဉ်ကျေးမှုခံတပ်ဖြင့် ကမ္ဘာတည်သရွေ့ မြန်မာရှိရမည်ဟူသော စိတ်ကိုထားကာ မြန်မာ့ဂုဏ်ကို ဆက်လက် မြှင့်တင်နိုင်ကြမည်ဟု မျှော်လင့်နေမိပါတော့သည်။ ။

 

ကိုးကား-

၁။ မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၀)

၂။ ပြည်သူချစ်သော အနုပညာရှင်များ (လူထုဒေါ်အမာ)