နေပြည်တော် ၂၃ အောက်တိုဘာ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Chan Chun Sing တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးတို့သည် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှုနှင့် တိုးတက်မှုအခြေအနေများ၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် စင်ကာပူနိုင်ငံက လက်ရှိရင်းနှီးမြုပ်နှံ ဆောင်ရွက်လျက်ရှိသည့် အရည်အသွေးမြင့် ဆန်စပါးထုတ်လုပ်မှုကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့သစ်သီးဝလံများ စင်ကာပူဈေးကွက်သို့ ချဲ့ထွင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင်ဝန်ကြီးများက ဆိုလာစွမ်းအင်ထုတ်လုပ်ရေးတွင် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်


