နေပြည်တော် ၂၈ အောက်တိုဘာ
မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်း ဦးဆောင်ကော်မတီ၏ (၈)ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဦးကျော်မင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျွန်နေးဆန်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များစုံညီစွာ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းအပြီးသတ်ရေး မဟာဗျူဟာနှင့် SCF စီမံချက်များပြုစုရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဒိန်းမတ်နိုင်ငံအစိုးရက ရန်ပုံငွေအထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်း (Sustainable Coastal Fisheries - SCF) အစီအစဉ်ကို ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့၌ ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်သူလူထုအုပ်စု ၈ အုပ်စုနှင့်အတူ ပြုစုထားသည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်း(SCF)၏ ပူးပေါင်းစီမံခန့်ခွဲမှု သဘောတူညီချက်များအား သက်ဆိုင်ရာသို့ ဆက်လက်တင်ပြအတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့နှင့် သဘောတူညီမှုရယူထားပြီးဖြစ်သည့် စံသတ်မှတ် ထားသော လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေး လုပ်ငန်းစဉ်မူဘောင်(SOP)နှင့်အတူ SCF က စီမံချက်ရေးဆွဲထားသည့် နိုင်ငံရေပိုင်နက်အတွင်းရှိ ရေလုပ်ငန်းများ စုံစမ်းစစ်ဆေးရေးစီမံကိန်းသည် အနာဂတ်ကမ်းရိုးတန်း ရေလုပ်ငန်းစီမံခန့်ခွဲမှု အသိပညာပေးရေးနှင့် ဥပဒေတည်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုစေနိုင် မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် SCF သည် ပင်လယ်ပြင်ရေလုပ်ငန်းဥပဒေများ ပြဋ္ဌာန်း အသက်သွင်းမှုကို အကျိုးပြုပေးနိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံ ကမ်းရိုးတန်း ရေပြင်အခြေအနေအတွက် အထူးတည်ဆောက်ထားသည့် စစ်ဆေးရေးရေယာဉ်နှစ်စင်း ဝယ်ယူအသုံးပြုခဲ့ရာ လက်ရှိအလွန်အကျွံ ငါးထုတ်ယူနေသော အဓိကရေပိုင်နက် ပြင်ပနယ်ပယ်များအား ခွဲခြားသတ်မှတ်နိုင်ရန် Vessel Monitoring System (VMS) ဒေတာများ အသုံးပြုနိုင်မည်ဖြစ်၍ ငါးလုပ်ငန်းဦးစီးဌာ၏ ပင်လယ်ပြင်ရေ လုပ်ငန်းများအပေါ် စီမံခန့်ခွဲမှုအတွက် ပိုမိုတိကျစွာ တိုင်းတာဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


