ရန်ကုန် ၁၀ ဇန်နဝါရီ 


မြန်မာ-ဂျပန်ဂီတပွဲတော် “Myanmar National Symphony Orchestra with Japan Concert 2019”ကို မြန်မာ့ရိုးရာ ဆိုင်းအပါအဝင် ဂျပန်ရိုးရာဂီတများဖြင့် ရန်ကုန်မြို့၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 


နှစ်စဉ်ကျင်းပလေ့ရှိသည့် အဆိုပါဂီတပွဲတော်ကို မြန်မာ့ရုပ်သံမြင်သံကြားကဦးစီး၍ ၂၀၁၈ ခုနှစ်မှ ကြိုတင်ပြင်ဆင်ထားပြီး မြန်မာ့အသံမှ ဂီတပညာရှင် ၆၀ ဦးအပါအဝင် မြန်မာရိုးရာဆိုင်းနှင့် Music Band မှ ဂီတပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ဂီတပညာရှင်များ ဂီတပညာရှင်စုစု ပေါင်း ၁၂၀ ကျော် ပါဝင်တင်ဆက် ကြမည်ဖြစ်ကြောင်း MRTV ဂီတဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးကျော်က ပြောကြားသည်။ 


ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)မှ ညွှန်ကြားရေးမှူး Mr. Koji Sato က ပူးပေါင်းဖျော်ဖြေ တင်ဆက်သွားရန် (၁၈)ကြိမ်မျှ လေ့ကျင့်သင်ကြားပေးပြီး သုံးညကျင်းပသွားမည်ဖြစ်ကြောင်း၊ ဂီတချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှုစေလိုပါကြောင်း ပြောကြားသည်။ 


မြန်မာနိုင်ငံတော် သံစုံတီးဝိုင်း၏ ဂီတမှူး၊ ဆယ်လိုတီးခတ်သူ မစ္စတာ ယာမာမိုတိုယုနိစကဲ၊ မြန်မာနိုင်ငံတော် သံစုံတီးဝိုင်းအကြံပေးဖြစ်သူ စန္ဒယားပညာရှင် မစ္စခိုယာမာကျိုကိုနှင့် Kuroda Reison၊ Ajima Mihoko၊ Kamiya Shunichiro တို့က ယခုပွဲတွင် ပူးပေါင်းတင်ဆက်မည်ဖြစ်ပြီး နားပန်းဆံနှင့် ရွှေဘိုသနပ်ခါးအပါဝင် အနောက်တိုင်းနှင့် ဂျပန်သံစဉ်များ ဂန္ထဝင်သီချင်းများပါဝင်ကြောင်း သိရသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ဇန်နဝါရီ ၁၈ ရက်တွင်လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC-2 တွင် ဇန်နဝါရီ ၂၃ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်းကောင်း ည ၆ နာရီမှ စတင်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ယခုနှစ် ဂီတပွဲတော်ကို ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ်(၁)ရှိ ဇန်နဝါရီ ၂၄ ရက်တွင် ဖွင့်လှစ်မည့် ဂျပန်ဖောင်ဒေးရှင်း ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်နှင့် Mekong-Japan Exchange Year 2019 အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ကိုးသောင်းတန် ဂီတတူရိယာ ၁၉ မျိုးကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)