လွိုင်ကော် ၂၄ နိုဝင်ဘာ
ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လည်ပတ်လာစေရေးအတွက်လည်းကောင်း၊ မြန်မာ−ဂျပန်ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ချယ်ရီပန်းပင်(၁၁၄)ပင်အား ကယားပြည်နယ်တွင် ဒုတိယအကြိမ်မြောက် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၏ တွေ့ဆုံပွဲ အခမ်းအနားအား ယနေ့မွန်းလွဲ(၁)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ကယားပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြန်မာ−ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ချယ်ရီပန်းပင်စိုက်ပျိုးမည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မိတ်ဆက်စကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးမှ ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည့်အပေါ်တွင် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ပြည်နယ်တွင် မီးခိုးတိတ်စက်ရုံကြီးဖြစ်သည့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လို ပါကြောင်း၊အများပြည်သူ စိတ်ဝင်စားနေသည့် ပြည်နယ်တစ်ခုဖြစ်ပြီး မိမိအနေနှင့်လည်း ပြည်နယ်ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သည်နှင့်အညီ ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုများ၊ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် အရှေ့တောင်အာရှ အသန့်ရှင်းဆုံးဆုတစ်ခုကို ရရှိခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာ−ဂျပန် ချစ်ကြည် ရေးအထိမ်းအမှတ်အဖြစ် ချယ်ရီပန်းစိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ ဗုဒ္ဓဥယျာဉ်တွင် မြေဧရိယာများစွာရှိနေသည်ဖြစ်ရာ ဖြစ်ထွန်း အောင်မြင်မည်ဖြစ်ပြီး ယခင်ကစိုက်ပျိုးမှုများလည်း အောင်မြင်နေပြီဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးသစ်ဆောက်လုပ်ခဲ့ပြီး လိုအပ်လျက်ရှိသည့် ပရိဘောဂပစ္စည်းများ ကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်ကော်မတီ အစည်းအဝေးကိုလည်း တစ်လ(၁)ကြိမ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်ချယ်ရီပင်စိုက်ပျိုးပွဲနှင့်ပတ်သက်၍ အကောင်းဆုံး စီမံဆောင်ရွက် ပြီး တင်ပြပေးမည်ဖြစ်ပါကြောင်း၊ အဆိုပါချယ်ရီပန်း စိုက်ပျိုးပွဲသို့ ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များလည်း လာရောက်မည်ဖြစ်ရာ မိမိတို့ပြည်နယ်တွင် လောပိတရေအားလျှပ်စစ်စက်ရုံသို့ ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ လာရောက် လည်ပတ်မှုများစွာရှိနေပြီး ၎င်းတို့ရောက်ရှိစဉ် မိမိတို့အနေနှင့် ၎င်းတို့အတွက်တုန့်ပြန်သည့် ပုံရိပ်အခြေအနေများကို ပြသပေးသွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံမှ မျိုးဆက်အနွယ်တစ်ဦးရှိနေသည်ကို ကြားသိရ၍ အစိုးရအနေနှင့်တတ်နိုင်သည့် ကဏ္ဍများမှ ပံ့ပိုးကူညီပေး သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်မှ ပြည်နယ်အတွင်း ဟိုတယ် နှင့်ခရီးသွားလာရေးကဏ္ဍများ ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာ−ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းစိုက်ပျိုးမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာ− ဂျပန် ခရီးသွားလာမှု မြှင့်တင်ရေး အတွင်းရေးမှူး ဦးရဲထွန်းဦးမှ မြန်မာ−ဂျပန်ချစ်ကြည်ရေး အထိမ်းအမှတ် ချယ်ရီပင်စိုက်ပျိုးမည့် လုပ်ငန်းစဉ်များအားလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
၄င်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်မှ ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခု အစီအမံအဖြစ် လွိုင်ကော်မြို့နယ်အား ခရီးသွားမြို့တော်အဖြစ် စီမံထားရှိမှု အခြေအနေအား တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ−ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပင် ယခင်စိုက်ပျိုးထားသည့် လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်ဝန်းအတွင်းသို့ သွားရောက်ပြသပြီး ဆက်လက်စိုက်ပျိုးမည့်အပင်များ စနစ်တကျ ဖြစ်စေရေး ကျွန်းကျင်သူများနှင့်လျာထားစီမံနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ ၊ ပုဂ္ဂလိကခရီးလုပ်ငန်းအဖွဲ့များ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
လွိုင်ကော်သား


