ရန်ကုန် ၇ ဖေဖော်ဝါရီ

 

(၆)ကြိမ်မြောက် မြန်မာ-ဂျပန် နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်သောပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်တွင်  မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ထင်ပေါ်ကျော်ကြား အနုပညာရှင်များပူးပေါင်း၍ ရန်ကုန်မြို့ Thuwunnabhumi Event Park တွင် ကျင်းပမည်ဖြစ်သည်။

 

ဂျပန်နိုင်ငံမှ Hirahara Ayaka နှင့် Morisaki အပါအဝင် အနုပညာရှင်များနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်များဖြစ်သည့် နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ ဆိုဖီယာအဲဗားရက်စ်နှင့် Project K တို့ သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အနုပညာရှင်တို့က မြန်မာသီချင်းကို သီဆိုဖျော်ဖြေမည်ဖြစ်ရာ အဆိုပါပွဲတော်ကို mitv ရုပ်သံလိုင်းမှ ညနေ ၇ နာရီမှ စတင်၍ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

 

“ကျွန်တော်တို့ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အလှတရားတွေကို မြန်မာပြည်သူတို့ထံ တင်ဆက်ခွင့်ရတဲ့အတွက် ဝမ်းသာရပါတယ်။ ဂျပန်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်တဲ့ပွဲမှာ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုကို ခံစားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု MPT မှ Mr. Koichi Kasuya က ပြောသည်။

 

အဆိုပါပွဲတော်တွင် ဂျပန်အစားအစာများ၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများ၊ ပျော်ပွဲရွှင်ပွဲနှင့် ဂိမ်းအစီအစဉ်များ၊ တေးဂီတဖျော်ဖြေပွဲတို့ဖြင့် ည ၁၀ နာရီထိ အခမဲ့ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(မြန်မာ)၊ Yangon Japanese Association၊ JIB၊ NEP နှင့် Dream Vision Company တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် MPT မှ ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး