၁၇ ဖေဖော်ဝါရီ
မြန်မာ-ဂျပန် ပူးတွဲဦးစီး ဦးဆောင်မှု (Myanmar-Japan Joint Initiative) သည် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးတွဲပြုလုပ်သည့် ဆွေးနွေးပွဲဖိုရမ် ဖြစ်ပါသည်။ ဤဆွေးနွေးပွဲဖိုရမ်၏ ရည်ရွယ်ချက်သည် နှစ်နိုင်ငံစလုံးရှိ နိုင်ငံတော်နှင့် ပုဂ္ဂလိက ကဏ္ဍတို့၏ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုဖြင့် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်စေရန် ဖြစ်ပါသည်။ အဆိုပါ ရည်မှန်းချက် ဆုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် လက်တွေ့လုပ်ငန်း အစီအစဉ်များကို ချမှတ်ခဲ့ပါသည်။ မြန်မာ-ဂျပန် ပူးတွဲဦးစီးဦးဆောင်မှု ဆွေးနွေးပွဲဖိုရမ်များကို အဆင့်များခွဲ၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။ စက်မှုမူဝါဒ၊ ကုန်သွယ်မှုမူဝါဒ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ အခွန်စနစ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟူ၍ လုပ်ငန်းကော်မတီ ၅ ရပ် ဖွဲ့စည်းဆောင်ရွက်သည်ကိုလည်း တွေ့ရပါသည်။
မြန်မာ-ဂျပန် ပူးတွဲဦးစီး ဦးဆောင်မှုဖိုရမ် ဆွေးနွေးညှိနှိုင်းမှုများအရ ကဏ္ဍစုံ၌ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့်ဖြူးဖြူး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်-မြန်မာ (Japan Chamber of Commerce and Industry Myanmar - JCCM) တို့က လက်မှတ် ရေးထိုးခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။
ဤနားလည်မှု စာချွန်လွှာ၏ ရည်ရွယ်ချက်သည် နှစ်နိုင်ငံစလုံး၏ စီးပွားရေးကဏ္ဍများ တိုးတက်စေရန် ဦးတည်လျက် စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပူးပေါင်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ သတင်းအချက်အလက်များနှင့် နည်းပညာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် စီးပွားရေးအင်အား တောင့်တင်းခိုင်မာသော စက်မှုဖွံ့ဖြိုးပြီး နိုင်ငံဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေး အခွင့်အလမ်းများစွာကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။
အာဆီယံစီးပွားရေးရိပ်မြုံ (AEC) နှင့် တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း (OBOR) တို့ကဲ့သို့သော ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၌ ပါဝင်ရန် ပြင်ဆင်နေသော မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းသို့ တင်ပို့နိုင်မည့် စိုက်ပျိုးရေးထွက်ကုန်၊ စက်မှုထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့ကို စိုက်ပျိုးထုတ်လုပ် ဖန်တီးနိုင်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) E နှင့် ဂျပန်နိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်-မြန်မာ (JCCM) တို့ ယခု လက်မှတ်ရေးထိုးလိုက်သော နားလည်မှု စာချွန်လွှာသည် ဤကဲ့သို့ စိုက်ပျိုးထုတ်လုပ် ဖန်တီးနိုင်ရန်အတွက် အခြေခံကောင်းများကို ဖန်တီးပေးမည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
(မြန်မာ့အလင်း)