နေပြည်တော် ၂၉ ဇူလိုင်
မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ video conference စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Clip ဖြင့် အမှာစကားပြောကြားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည်လည်း အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင် ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ထိုသို့ ဖန်တီးပေးနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၏ အဓိကအချက်တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
COVID-19 အလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ ပိုမိုဖော်ဆောင်နိုင်ရေးအတွက် ကျင်းပသော မြန်မာ - ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ နိုင်ငံတော် အစိုးရအနေဖြင့် အခြေခံအဆောက်အဦ စီမံကိန်းသစ်နှစ်ခု အကောင်အထည်ဖော်နိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ပြီး အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းသစ်များအား သိရှိနိုင်ရန်အတွက် ဂျပန်စီးပွားရေးလုပ်ငန်းရှင် ပေါင်း ၁၀၀၀ ကျော် တက်ရောက်သည်။
ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေး အဖွဲ့ဥက္ကဋ္ဌ Mr. Sasaki Nobuhiko က မြန်မာနိုင်ငံသည် ပိုမိုဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှု နေရာတစ်ခုဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီများ အနေဖြင့်လည်း မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံနိုင်မည့် နေရာသစ်တစ်ခုအဖြစ် ခံစားမိကြပါကြောင်းနှင့် ယနေ့ ဖိုရမ်သည် လာမည့်နှစ်များ၌ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ကလည်း COVID-19 ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြသည့် မြန်မာအစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အစိုးရ၏ နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှုများတွင် အပြည့်အဝ ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Nakano Hiromasa ကလည်း မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါမှုအပေါ် အသိအမှတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံသည် စက်မှုလုပ်ငန်းများအတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု တည်ရှိရာ နေရာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ကော်ပိုရေးရှင်းများဖြစ်သော ဆူမီတိုမို၊ မစ်ဆူဘီရှီ၊ မာရူဘီနီနှင့် ကာဗာကီတို့၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံများနှင့် ပတ်သက်၍ မြန်မာအစိုးရ အဆင့်မြင့်အရာရှိများနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး သီလဝါရှိ One-Stop-shop ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အပြုသဘောဆောင်သည့် အတွေ့အကြုံများကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်း စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းသစ်နှင့် မွန်ပြည်နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်သစ်တို့နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်အသစ်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ၏ အရှေ့-အနောက် စင်္ကြံတို့သို့ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန်သည် အခြားရှိနှင့်ပြီးသော အထူးစီးပွားရေး ဇုန်များထက် ပိုမိုကြီးမားပြီး ချိတ်ဆက်မှု ပိုရရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်အနောက်ပိုင်း စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကဲ့သို့ပင် ဤအထူးစီးပွားရေးဇုန်သစ်သည် ကမ္ဘာ့အဆင့်မီ ပွင့်လင်းမြင်သာမှုရှိသည့်အပြင် နိုင်ငံတကာနှင့်လည်း ယှဉ်ပြိုင်လာနိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားရာတွင် ရန်ကုန်အနောက်ပိုင်း စက်မှုဇုန် တည်ဆောက်ရေးအတွက် ရင်းနှီးတည်ဆောက်မည့်ကုမ္ပဏီ ရွေးချယ်ရန် နိုင်ငံတကာအကြံပေးအဖွဲ့ကို ရွေးချယ်လျက်ရှိကြောင်း၊ ယင်းနိုင်ငံတကာ အကြံပေးအဖွဲ့နှင့် ပေါင်းစပ်၍ ပွင့်လင်းမြင်သာသည့် စွစ်ယှဉ်ပြိုင်မှု တင်ဒါစနစ်ဖြင့် ရင်းနှီးတည်ဆောက်သူအား ရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။ ထို့အပြင် အထူး စီးပွားရေးဇုန်အသစ်၏ နေရာရွေးချယ်ရေးနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံများအကြား ဆက်သွယ်ထားသည့် စီးပွားရေးစင်္ကြံနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့် နေရာဖြစ်ခြင်း၊ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်မည့်နေရာဖြစ်ခြင်း၊ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကွန်ရက်မှတစ်ဆင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်မည့် နေရာဖြစ်ခြင်း စသည့်အချက်များနှင့် ပြည့်စုံသည့်နေရာတွင် ယင်းအထူး စီးပွားရေးဇုန်အသစ်ကို တည်ဆောက်ရန် လျာထားကြောင်း၊ ယင်းမဟာ ဗျူဟာမြောက်နေရာကို ရွေးချယ်ရန်အတွက် နိုင်ငံတကာအကြံပေးအဖွဲ့ဖြင့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုများနှင့် Master Plan ကိုရေးဆွဲကာ ရင်းနှီးတည်ဆောက်သူကို ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ယင်းအထူးစီးပွားရေးဇုန်အသစ်နှင့် သီလဝါ အထူးစီးပွားရေးဇုန်တို့ ချိတ်ဆက်၍ အထူးစီးပွားရေးဇုန် တစ်ခုတည်းအသွင်ဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ မြှင့်တင်ရန်၊ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ နောက်ဆုံးသတင်းများကို တင်ပြရန်၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု ပိုမိုခိုင်မာစေရန်နှင့် COVID-19 ကာလ အလွန်တွင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် လူအချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေရန် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


