နေပြည်တော် ၂၆ ဒီဇင်ဘာ
မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာန အဆောက်အဦ (Myanmar-Japan Technological Development Centre-1 and Centre2) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပင်မစာသင်ဆောင်(၁)၊ စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Myanmar-Japan Technological Development Centre-1 and Centre2 တို့ကို ကူညီထောက်ပံ့ပေးသည့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ပေးသည့် သူများအားလုံးတို့ကို ပညာရေးဝန်ကြီးဌာန ကိုယ်စားအထူးကျေးဇူးတင် မှတ်တမ်းတင်ရှိအပ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် KG+12 နှင့်လိုက်လျောညီ ထွေဖြစ်သည့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုများ၊ သင်ကြားသင်ယူရေးနည်းစနစ်များ၊ သုတေသနများမြှင့်တင်ရန်အတွက် စီစဉ်ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ရန်အတွက် အင်ဂျင်နီယာ နည်းပညာများကို လက်တွေ့သင်ခန်းစာများ ပိုမိုဆောင်ရွက်ရန်အားပေးပါကြောင်း။
ရန်ကုန်နည်းပညာတက္ကသိုလ်မြှင့်တင်ရေး လုပ်ငန်းများကို Master Plan ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) အင်ဂျင်နီယာပညာရေး အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား ၂၀၁၃ ခုနှစ်တွင် ဆွေးနွေးမှု မှတ်တမ်း (Record of Discussion) လက်မှတ်ရေးထိုးပြီး သင်ရိုးညွှန်းတမ်းနှင့် သုတေသနအရည်အသွေး ပြည့်မီရေးတို့အတွက် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)တွင် MJTDC-1 နှင့် 2 တို့ကိုအသုံးပြု၍ သင်ကြားသင်ယူလေ့ကျင့်ရေးနှင့် သုတေသနအခြေပြုအဆင့်မြင့် နည်းပညာတက္ကသိုလ်အဖြစ် အောင်မြင်စွာရပ်တည်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့်လည်း ဒေသအကျိုးပြုနှင့် နိုင်ငံအကျိုးပြု သုတေသနနှင့် လူစွမ်းအားအရင်းမြစ် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပုဂ္ဂလိက၊လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြပြီး အထူးပြုသုတေသနနယ်ပယ်များ၊ ဘွဲ့သင်တန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမနှင့် ဂျပန်-မြန်မာ Association မှ Secretary General Mr.Yuichi WATANABE တို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ကသုတေသန(၂)ခုတွင် တပ်ဆင်ထားသော စက်ပစ္စည်းများနှင့်အသုံးပြုမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် JACA Myanmar Office မှ Masayuki Karasawa က အမှာစကား ပြောကြားသည်။
ယင်းနောက် Myanmar-Japan Technological Development Center (၂)ခုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သုတေသနလက်တွေ့ပစ္စည်းများကို ကြည့်ရှုကြသည်။
ယခု ဖွင့်လှစ်လိုက်သော မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာနအဆောက်အဦနှစ်ခု (Myanmar-Japan Technological Development Centre 1 and Centre 2)တွင် အဆင့်မြင့်သုတေသနများ ဆောင်ရွက်နိုင်သည့် စက်ပစ္စည်းများကို သုတေသနဓါတ်ခွဲခန်း (Research Laboratory) များ(၂၅) ခုခွဲ၍ တပ်ဆင်ထားပြီး စက်ပစ္စည်းများကို မြို့ပြ အင်ဂျင်နီယာဘာသာ၊ စက်မှုအင်ဂျင်နီယာဘာသာ၊ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘာသာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာ၊ မက္ကာထရောနစ်အင်ဂျင်နီယာဘာသာ၊ ဓာတုအင်ဂျင်နီယာဘာသာ၊ သတ္တုဗေဒအင်ဂျင်နီယာနှင့် ဒြပ်ပစ္စည်းသိပ္ပံဘာသာ၊ ဇီဝနည်းပညာ ဘာသာဆိုင်ရာ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားသင်ယူ လုပ်ငန်းစဉ်များနှင့် သုတေသနလုပ်ငန်းများအတွက် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန်အတွက် စက်ပစ္စည်းများကို တန်ဖိုးအားဖြင့် ဂျပန်ယန်း (၂၅၈၂) သန်း သုံးစွဲတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်