နေပြည်တော် ၁၁ ဒီဇင်ဘာ
မြန်မာ-ကိုရီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိုရမ် (Myanmra-Korea Agriculture and Rural Development Forum)ကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက KOICA အထောက်အပံ့ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော မြန်မာဆယ်မားအူးလ် အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းသည် ကိုရီးယား - မြန်မာနှစ်နိုင်ငံအကြား ရေရှည်တည်တံ့ ခိုင်မြဲသောချစ်ကြည် ရင်းနှီးမှုများကို တိုးတက်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ စီမံကိန်းအောင်မြင်မှု ရလဒ်များအဖြစ် ကျေးရွာများ၏ လမ်းတံတား၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး အစရှိသော အခြေခံအဆောက်အဦများဖွံ့ဖြိုးလာသကဲ့သို့ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခံယူချက်များ မှန်ကန်ပြောင်းလဲလာခြင်း စုပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်း အစရှိသော မျက်မြင်မတွေ့ရသော်လည်း တန်ဘိုးရှိသောရလဒ်များကို ရရှိခဲ့ကြောင်း။
ကျေးရွာခေါင်းဆောင်များ၏ မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြဆောင်ရွက်ပေးမှု၊ ကျေးရွာသူ/ ကျေးရွာသားများ၏ ကိုယ့်အားကိုယ်ကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ဆယ်မားအူးလ်အွန်ဒုန်၏အခြေခံ စိတ်ဓါတ်ကောင်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စီမံကိန်းကျေးရွာများအားလုံး သိသာစွာ ဖွံ့ဖြိုးအောင်မြင်မှုရရှိခဲ့ကြောင်း။
စီမံကိန်းကျေးရွာဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ရေးနှင့် အခြားကျန်ရှိနေသည့် ကျေးရွာများပါ လိုက်ပါဖွံ့ဖြိုးလာစေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် လမ်းညွှန်ချက်၊ မူဝါဒနှင့် နည်းဗျူဟာများကို စနစ်တကျချမှတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်၏ ကြီးကြပ်မှုများနှင့်အတူ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်းဟွာနှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်းဟွာ ၊ KOICA မှ Chief Representative Ms. Lee YounSoo နှင့် စီမံကိန်း မန်နေဂျာ Mr.Lee Song Woo တို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် စီမံကိန်းမန်နေဂျာ Mr.Lee Song Woo က စီမံကိန်း၏ တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ ကျေးရွာခေါင်းဆောင်များက မိမိတို့ ကျေးရွာများအလိုက် စီမံကိန်းအကောင်အထည်ဖော်မှုနှင့် ရလဒ်များကိုလည်းကောင်း၊ စီမံကိန်း ဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ဆယ်မားအူးလ်အွန်ဒုန် စီမံကိန်းအကောင် အထည်ဖော် အောင်မြင်နေမှုများနှင့် တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့်ကျေးရွာ သစ်လှုပ်ရှားမှု စံပြကျေးရွာ (၂၆)ရွာ တိုးချဲ့ဆောင်ရွက်မည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့အား ဂုဏ်ပြုသောအားဖြင့် KOICA မှ Chief Representative ဖြစ်သူ Ms. Lee YounSoo က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းထံ ကွန်ပျူတာနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများအား လွှဲပြောင်းပေးအပ်သည်။
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာ (၁၁၀)သို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် စံပြကျေးရွာများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများနှင့် သင်တန်းကျောင်းအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာ-ကိုရီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖိုရမ်ကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကိုလည်းကောင်း၊ စီမံကိန်းလွန်ကာလ ကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှု လမ်းညွှန်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ အခန်းကဏ္ဍကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်းနှင့် မြန်မာဆယ်မားအူးလ်အွန်ဒုန် စီမံကိန်း၏ ပူးပေါင်းဆောင်ရွက် မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း၏ ရလဒ်များအပေါ် စစ်တမ်းကောက်ယူသည့် ပုံစံများကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။
ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း၏အကျိုးဆက်အဖြစ် ယခု ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၀) ရွာ၊မန္တလေးတိုင်း ဒေသကြီးတွင် (၁၀)ရွာ၊ ရခိုင်ပြည်နယ်တွင် (၅)ရွာနှင့် ရှမ်းပြည်နယ်တွင် (၁)ရွာ စုစုပေါင်း (၂၆)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ KOICA အထောက်အပံ့ဖြင့် ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း အဆင့်(၂)အဖြစ် ICT Supported Participatory Rural Development Project for Hinder Land ကိုလည်း ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာသန်း (၂၀) အထောက်အပံ့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ မှ ၂၀၂၃ ခုနှစ်အထိ တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခု၏ မြို့နယ် (၂၇)မြို့နယ်တွင် ဆောင်ရွက်မည့် မြန်မာစိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်မှုမြှင့်တင်ခြင်းစီမံကိန်း" ကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် KOICA တို့အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်