နေပြည်တော် ၂၃  စက်တင်ဘာ 

    

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် လုံခြုံရေး ဝန်ကြီးဌာနတို့ပူးပေါင်း ကျင်းပသည့် မြန်မာ-ကိုရီးယား ပြည်သူ့အုပ်ချုပ်ရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Myanmar- Korae Cooperation Forum on Public Administration) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။ 

    

ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က မိမိတို့နိုင်ငံအနေဖြင့် ကိုရီးယား သမ္မတနိုင်ငံနှင့် ကဏ္ဍမျိုးစုံတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဖိုရမ်သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တစ်ခု ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် နိုင်ငံတကာအတွေ့အကြုံနှင့် ဗဟုသုတများသည် အရေးပါလှပါကြောင်း၊ ယခုဖိုရမ်တွင်     ဒေသန္တရအုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ပေးခြင်း၊ လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှုနှင့်အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် တင်ခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကောင်းမွန်သောပို့ဆောင်ရေးစနစ် စသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    

ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Yoon Jong-In က ဖိုရမ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပံ့ပိုးပေးပါသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ (၃၆)နှစ်ကြာ ကျူးကျော်မှုအောက်မှ လွတ်လပ်ရေးရပြီး များမကြာမီတွင် ကိုရီးယားစစ်ပွဲဖြစ်ပွားပြီး တစ်နိုင်ငံလုံး ပြာမီးဖုံးခဲ့ရပါကြောင်း၊ စစ်ပွဲအပြီး ကိုရီးယား၏ တစ်ဦးချင်း GDP မှာ (၆၇)ဒေါ်လာခန့် ဖြစ်ပါကြောင်း၊ ကိုရီးယားစစ်ပွဲ၏ ဆိုးကျိုးကြောင့် အခက်အခဲများ ရင်ဆိုင် နေရချိန်တွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ မည်သည့်တောင်းဆိုမှုမှမပါဘဲ ဒေါ်လာ(၅) သောင်းခန့်တန်ဖိုးရှိသည့် ဆန်များပေးပို့ကူညီခဲ့ပါကြောင်း၊ စားနပ်ရိက္ခာ ခက်ခဲခဲ့သည့် ကိုရီးယားနိုင်ငံအတွက် အလွန်ပင် အထောက်အကူဖြစ်စေခဲ့ပြီး ယခုအချိန်အထိ ထို ကျေးဇူးကို အမှတ်ရနေဆဲဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတသည် မြန်မာနိုင်ငံ သို့ စက်တင်ဘာ (၃)ရက်မှ (၅)ရက်အထိ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါ ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် နှစ်နိုင်ငံပြည်သူများ အကြား အပြန် အလှန် နားလည်မှု တည်ဆောက်ရေးနှင့် ယဉ်ကျေးမှု Industry တိုးတက်ရေး၊ မြန်မာနိုင်ငံ Sustainable Development Goals ၂၀၁၈−၂၀၃၀ အကောင်အထည်ဖော်ရေးအတွက် ကိုရီးယားနိုင်ငံ၏ Development ကဏ္ဍအတွေ့အကြုံများကို ဖလှယ်ရန်စီစဉ်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံ Sustainable Development Goals ၂၀၁၈−၂၀၃၀ ၌ ပြည်သူ့ အုပ်ချုပ်ရေးကဏ္ဍ၏ Capacity Building နှင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍမြှင့်တင်ရေး မဟာဗျူဟာတို့ ပါဝင်သည်ကို သိရှိရပါကြောင်း၊ ယနေ့ဖိုရမ်တွင် လက်ရှိကျင့်သုံးနေသည့် အုပ်ချုပ်မှုစနစ်နှင့် System များ ကိုက်ညီအောင် ဆောင်ရွက်ခြင်းမှ တွေ့ကြုံခဲ့ရသည့် အခက်အခဲနှင့် ဖြေရှင်းသည့် နည်းလမ်းများကို မျှဝေခြင်း၊ နှစ်နိုင်ငံ အုပ်ချုပ်မှုပိုင်း တာဝန်ရှိ သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုများ ရရှိစေသည့် အခြေခံများဖြစ်စေရန် မျှော်မှန်းပါကြောင်း၊ ယနေ့ နှစ်နိုင်ငံတွေ့ဆုံခြင်းမှစပြီး ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၌ ယခုထက်ပိုမိုပြီး နီးစပ်ကာ အနာဂါတ်ကို ဖော်ဆောင်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

    

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Yoon Jong-In နှင့် နှစ်ဖက်ကိုယ်စားလှယ်များ သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

    

ဆက်လက်၍ မြန်မာ-ကိုရီးယား ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကျင်းပရာ ဒေသန္တရအုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုပေးခြင်း၊ လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုနှင့် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဘေးအန္တ ရာယ်စီမံခန့်ခွဲမှု၊ ကောင်းမွန်သော ပို့ဆောင်ရေးစနစ်တို့နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်းပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

    

အဆိုပါဖိုရမ်ကို ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ ပြည်သူ့ရေးရာပြုပြင်ပြောင်းလဲရေး၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေး၊ Intelligent Transport System နှင့် ဒေသတွင်း အစိုးရအဖွဲ့အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်နယ်ပယ်များမှ အတွေ့အကြုံ ဗဟုသုတများ ဆွေးနွေးဖလှယ်ရန် မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်းကျင်းပခြင်းဖြစ်သည်။

    

ဖိုရမ်သို့ မြန်မာဘက်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ(၈၀)နှင့် ကိုရီးယားဘက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ(၁၃)ဦး စုစုပေါင်း (၉၃)ဦး တက်ရောက်ခဲ့ကြသည်။

 

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ဖိုရမ်တက်ရောက်ရန် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေး နှင့်လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Yoon Jong-In ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ Hilton Hotel ၌ လက်ခံတွေ့ဆုံခဲ့သည်။


 (သတင်းစဉ်)