ရန်ကုန် ၁ သြဂုတ်
စီးပွားရေးမြို့တော် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ဘုန်းကြီးလမ်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်မည့် မြန်မာ- ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတား တည်ဆောက်ရေးအတွက် ဒလဘက်ကမ်း၌ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ရန်ကုန်မြစ်အတွင်း၌ Area Name A နှင့် Area Name B တည်နေရာများတွင် စမ်းသပ်ရေဝမ်းပြားရေယာဉ်ကို ကျောက်ချထားရှိပြီး မြေသားခံနိုင်ဝန် စမ်းသပ်တိုင်တာခြင်းနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို ယနေ့ နေ့လယ် ၁၂ နာရီခန့်က မြင်တွေ့ရသည်။
ရန်ကုန်မြစ်အတွင်း ဒလဘက်ခြမ်း ဧရိယာရေပြင်ရှိ သတ်မှတ်တည်နေရာတွင် မြေသားစမ်းသပ်မှုများကို စမ်းသပ်ရေးဝမ်းပြားရေယာဉ်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ကျောက်ချထားရှိကာ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း နေ့အချိန်၌ လိမ္မော်ရောင်အလံကို သိသာထင်ရှားစွာ လွှင့်ထူထားပြီး ညအချိန်တွင် အနီရောင်အချက်ပြမီးကို ပြသထားကြောင်း၊ ရေယာဉ်တွင် VHF CH-16 ဆက်သွယ်ရေးစက် တပ်ဆင်ထားရှိပြီး လုပ်ငန်းဆောင်ရွက်နေသည့် ရေယာဉ်အနီးမှ ဖြတ်သန်းသွားလာသော ရေယာဉ်များအနေဖြင့် ၄င်းတို့နှင့် မီတာ ၃၀ ခန့် အကွာမှ လွတ်ကင်းစွာဖြတ်သန်းသွားလာကြရန် နှင့် ၄င်းရေယာဉ်နှင့် မီတာ ၁၀ဝ အတွင်း ကျောက်ချ ရပ်နားခြင်း မပြုရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇.၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀.၃၄၁ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည့် မြန်မာ ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတား သံမဏိကြိုးဆိုင်းတံတား(လေးလမ်းသွား)၏ ပင်မတံတား အရှည်မှာ ၆၉၀ မီတာရှိပြီး ဒလဘက်ကမ်းချဉ်းကပ်တံတားအရှည် ၆၀၁ မီတာ နှင့် ရန်ကုန်ဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၅၇၆ မီတာ၊ ဒလဘက်ကမ်း ခြေဆင်းလျှောလမ်း အကျယ် ၄၂၅ မီတာနှင့် ရန်ကုန်ဘက်ကမ်း ခြေဆင်းလျှောလမ်းအကျယ် ၆၃၀ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၃၇၀ မီတာ ဖြစ် တည်ဆောက်သွားမည်ဖြစ်ရာ Dead Weight Tonnage (DWT) ၁၅၀ဝ၀ တန်ချိန်ရှိ ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး ကာလ (၄၁) လ ကြာမြင့်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များမှ တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး တို့သို့ လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး စပါးကြီးဟု တင်စား ခေါ်ဝေါ် ကြသော ဧရာဝတီတိုင်းဒေသကြီး၏ ဒေသထွက် ဆန်စပါးများ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ပို့ဆောင် ချိတ်ဆက်ရာတွင် ကားလမ်းမှ တစ်ဆင့် အချိန်တိုအတွင်း မြန်ဆန်စီးဆင်းနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် ပြည်သူများစွာတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပေသည်။
နိုင်လင်းကျော်(ဒလ)


