တာချီလိတ် ၆ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေး တံတားမှတစ်ဆင့် လာအိုနိုင်ငံသို့ ကျွဲ၊ နွားကောင်ရေ တစ်သိန်းခွဲ တင်ပို့ပေးရန် လာအိုနိုင်ငံဘက်မှ ကမ်းလှမ်းထားသဖြင့် မြန်မာဘက်မှ ခွင့်ပြုပေးနိုင်ရေး စိစစ်နေကြောင်းသိရသည်။
လက်ရှိတွင် ကျွဲ၊ နွားတင်ပို့မည့် ကုမ္ပဏီများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဝယ်ယူစုဆောင်းခွင့် ပြုထားပြီး ကုန်သွယ်ရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့ခွင့်ပြုရန် စီစဉ်လျှက်ရှိကြောင်းနှင့် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ပြောင်း၊ ဆန်၊ ရာဘာနှင့် ဆိတ်အရှင်များ တင်ပို့မှုကို ၂၀၁၉ ခုနှစ် သြဂုတ်လမှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း (မယ်ယန်း) တွင် ကုန်သွယ်မှု မြှင့်တင်မှုအစည်းအဝေးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (၄) ရက်က ကျင်းပခဲ့ရာ ဌာနဆိုင်ရာများနှင့် တာချီလိတ်မြို့မှ ကုန်သည်များ လာအိုနှင့် ထိုင်းနိုင်ငံတို့သို့ ကုန်စည်များ တရားဝင်တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)