နေပြည်တော် ဇူလိုင် ၂၇
မြန်မာ - လာအို နှစ်နိုင်ငံပြည်သူများနှင့် အခြားနိုင်ငံသားများအတွက် နှစ်နိုင်ငံ ဝင်၊ ထွက် သွားလာရေး ခွင့်ပြုဆောင်ရွက်ပါက လိုအပ်မည့်လုပ်ငန်း အခြေအနေ များကို ကြိုတင်မြော်တွေး ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှု စစ်ဆေးရေးဂိတ်ကို ကြည့်ရှုစဉ် မှာကြားသည်။
ထို့ပြင် ဝမ်ပုံဆိပ်ကမ်းလှေဆိပ် နေရာအနီးရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ နယ်စပ် ဖြတ်သန်းခွင့်စာအုပ် (Border Pass) ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မဲခေါင် မြစ်ကမ်း ကမ်းစပ်တစ်လျှောက် ရေယာဉ်များ ဆိုက်ကပ်ထားရှိမှုနှင့် ကုန်တင်ကုန်ချ ဆောင်ရွက်ရန် နေရာ ဝင်၊ ထွက် သွားလာမှု ရပ်ဆိုင်းထားသည့် ရွှေတြိဂံဒေသရှိ ရွှေတြိဂံပါရာဒိုက်စ်ဟိုတယ်နှင့် တစ်ဖက်နိုင်ငံမှ ဟိုတယ်သို့ လာရောက်သည့် ခရီးသည်များအား စစ်ဆေးဆောင်ရွက်သည့် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေး ဂိတ်၊ မြန်မာ - ထိုင်း - လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံလှေဆိပ် နှင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်ခြားမှတ်တိုင် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာချီလိတ် မြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားကတ် မရရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများ၊ လဲလှယ်၊ မိတ္တူလျှောက်ထားသူများ၊ e-ID စနစ်ဖြင့် UID ကောက်ယူ ဆောင်ရွက်သူများ၊ အိမ်ထောင်စု လူဦးရေစာရင်း ပြောင်းဝင်၊ ပြောင်းထွက်များနှင့် အတိုး၊ အလျော့ စာရင်းများ လာရောက် ဆောင်ရွက်သူများအား နိုင်ငံတော် အစိုးရ၏ လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ကာယကံရှင်ပြည်သူများထံ ပေးအပ်ကာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တာချီလိတ်မြို့ မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ် အမှတ်(၁)ချစ်ကြည်ရေး တံတားနှင့် မယ်ဆိုင်ချောင်းတို့ကိုလည်းကောင်း၊ တံတားအဝင်၌ မြန်မာ - ထိုင်း နှစ်နိုင်ငံပြည်သူများ နယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (BP)၊ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်(TBP)နှင့် နိုင်ငံကူး လက်မှတ် (Passport) များဖြင့် နှစ်နိုင်ငံ ဝင်၊ ထွက် သွားလာရာတွင် လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဝန်ထမ်းများက လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ လုပ်ငန်းများ စိစစ် ဆောင်ရွက်ပေးနေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


