မနီလာ ၂၅ ဇန်နဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office (PCOO) တို့အကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office (PCOO) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Jose Ruperto Martin M. Andanar တို့ လက်မှတ်ရေးထိုးကြပြီး နားလည်မှုစာချွန်လွှာ (MoU) ကို အပြန်အလှန် လဲလှယ်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Jose Ruperto Martin M. Andanar နှင့် ဖိလစ်ပိုင်နိုင်ငံ သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ဒေသစံတော်ချိန် ညနေ (၄) နာရီတွင် နှစ်နိုင်ငံ သတင်းပြန်ကြားရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားများသို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ ဖိလစ်ပိုင်ပြန်ကြားရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီးများဖြစ်ကြသော Atty . Marvin R. Gatpayat ၊ George A. Apacible နှင့် Loraire T Badoy နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
