နေပြည်တော်၊ ၈  ဇန်နဝါရီ

 

မြန်မာ့ပထမဆုံး အွန်လိုင်း အလုပ်အကိုင်ပြပွဲကြီး First Ever Virtual Career Fair ကို လာမည့် ဖေဖော်ဝါရီ ၆ ရက် နှင့် ၇ ရက် နေ့တွင် MyJobs မှ ကြီးမှူး ကျင်းပသွားမည်ဖြစ်ကြောင်း My Jobs Myanmar မှ သိရသည်။

 

ကိုဗစ်ကြောင့် အလုပ်အကိုင် အခက်အခဲ ဖြစ်နေသော အလုပ်ရှာဖွေနေသူများကို အချိန်မကုန် အပြင်ထွက်စရာမလိုဘဲ အလွယ်တကူ အလုပ်အကိုင်များ ရှာဖွေနိုင်ရန် ရည်ရွယ်ပြီး ပြည်တွင်း ပြည်ပ ကုမ္ပဏီပေါင်း ၅၀ ကျော်မှ ခေါ်ယူသွားမည့် အလုပ်အကိုင် ၁၀ဝ၀ ကျော်အတွက် အွန်လိုင်းမှ လျှောက်ထားနိုင်ရန် စီစဉ်ပေးထားမည်ဟု သိရသည်။

 

အဆိုပါ ပြပွဲကြီးတွင် တက်ရောက်လာမည့် ပညာရှင်များကလည်း  အွန်လိုင်း ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ တတ်သိပညာရှင်များက အနာဂတ်အလုပ်အကိုင်အတွက် အတွေ့အကြုံများ ဝေမျှပေးသွားမည်ဖြစ်သည်။

 

အွန်လိုင်းအလုပ်အကိုင်ပြပွဲကြီး စီစဉ်ဖြစ်ပုံနှင့်ပတ်သက်၍  MyJobs ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Harry Anarakis က “၂၀၂၀ ပြည့်နှစ်မှာ COVID-19 ကြောင့် မြန်မာ့စီးပွားရေးအပေါ် အကြီးအကျယ်သက်ရောက်မှုရှိခဲ့ပါတယ်၊ MyJobs Myanmar ဟာ လွန်ခဲ့တဲ့ (၈)နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်၏ ဒီဂျစ်တယ်တီထွင်မှုလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့မှာ ပထမဆုံး  VIRTUAL CAREER FAIR ကို စီစဉ် ကျင်းပတာဖြစ်ပါတယ် ဟု ပြောကြားသည်။

 

အွန်လိုင်းအလုပ်အကိုင်ပြပွဲကြီးကြောင့် အလုပ်ရှင်၏ ကိုယ်ရေးရာဇဝင်အချက်အလက်များကို အွန်လိုင်းကနေ လေ့လာခွင့်ရရှိနိုင်ပြီး MyJobs ၏ ဒစ်ဂျစ်တယ် ပရိုဖိုင်းဖြင့်  တစ်နေရာတည်းမှာတင် အလုပ်အကိုင်များစွာကို အခမဲ့ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။ အလုပ်တစ်ခုကို မလျှောက်ခင် pre-employment assessment ကို ဖြေဆိုနိုင်ရန် စီစဉ်ပေးထား ပြီး My Jobs Candidate Team မှလည်း အွန်လိုင်းအလုပ်လျှောက်ထားမှုများကို  ဖုန်း ၊ အွန်လိုင်း Facebook & Viber တို့ မှတစ်ဆင့် အလုပ်ရှာဖွေသူများကို ကူညီပေးသွားမည် ဖြစ်သည်ဟု သိရသည်။

 

MDN

Photo-My Jobs Myanmar