နေပြည်တော် အောက်တိုဘာ ၁၅ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပလျက်ရှိသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့တက်ရောက်ရန် ရုရှားနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဉီးလွင်ဉီးနှင့်အတူ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်း တွင် ရုရှားနိုင်ငံ Novatek ကုမ္ပဏီမှ Chairman of the Management Board, Mr. Leonid Mikhelson ဉီးဆောင်သောအဖွဲ့အား မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော် ထုတ်လုပ်ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီး ဌာနဝန်ကြီး Mr. Nikolay G.Shulginov ဉီးဆောင်သောအဖွဲ့နှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာ နှစ်နိုင်ငံအကြီးအကဲများ၏ ခရီးစဉ်များမှ ဆွေးနွေးခဲ့သောကိစ္စများကို နောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်သွင်းရေးကိစ္စများ၊ ရေနံချက်စက်ရုံတည်ဆောက်ရေးကိစ္စနှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ RusHydro ကုမ္ပဏီမှ Deputy Director General, Mr. Machekhin ဉီးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် RusHydro ကုမ္ပဏီက Deputy Director General, Mr. Machekhin က ရုရှားနိုင်ငံနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက် လျက်ရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိစ္စ၊ ရေအားလျှပ်စစ်နှင့် ပတ်သက်သော အင်ဂျင် နီယာလုပ်ငန်းများ၊ Geological နှင့် ပတ်သက်သောလုပ်ငန်းများ အားလုံးကိုလည်း လုပ်ဆောင်ပေး နိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်က မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်များထုတ်လုပ်နိုင်သည့် အရင်းအမြစ်များစွာရှိပါကြောင်း၊ ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ညှိနှိုင်းဆွေးနွေးသည်။  

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးနှင့် စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ LLC SIGMA ကုမ္ပဏီမှ Deputy Director General For Foreign Economic Relation, Mr. Rodionov Nikita ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံတွင် စွမ်းအင် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးနှင့် စွမ်းအင်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံရှိ Prometey ကုမ္ပဏီမှ President, Mr. Alexander ILIN ဉီးဆောင်သော အဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများကို ဖိတ်ခေါ်ညှိနှိုင်း ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့သည် အောက်တို ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက် ရှိ Joint Stock Company  “Foreign Economic Corporation “PRODINTORG” ၏ အမှုဆောင်အရာရှိချုပ် Mr. Mikhail Potapov နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ရုရှားနိုင်ငံမှ ဓါတ်မြေဩဇာ တင်သွင်းရေး လုပ်ငန်းစဉ်များပါ အချက်အလက်များကို ညှိနှိုင်းဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်သည် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးနှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဉီးနှင့်အတူ ယင်းနေ့ညနေပိုင်းတွင် ရုရှားနိုင်ငံ၏ အဓိကလျှပ်စစ် ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Inter RAO – Export ၏ General Director, Mr. Alexey Yakovlev အဖွဲ့အားတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်အနေဖြင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်အကောင်အထည်ဖော်ရေးအစီအစဉ်အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်းစတင် ဆောင်ရွက်နိုင်ရေးအတွက် Notice to Proceed(NTP)အား လက်မှတ်ရေးထိုးခဲ့ကြကာ စီမံကိန်း အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်