နေပြည်တော် စက်တင်ဘာ ၂၃

   

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ ဖယ်ဒရယ်ငါးလုပ်ငန်းအေဂျင်စီ၏ အကြီးအကဲ Mr. Ilya Shestakov ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့ St. Petersburg Exhibition and Convention Center ၌ ကျင်းပလျက်ရှိသည့် () ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်းကုန်စည်ပြပွဲသို့ တက်ရောက် လျက်ရှိကြောင်း သိရသည်။

 

စက်တင်ဘာ (၂၂)ရက်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက် ကုန်ပြပွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ရုရှားနိုင်ငံ Federal Fishery Agency of Russia အဖွဲ့ အကြီးအကဲ Mr.Ilya Shestakov တို့က  မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများအပါအဝင် ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းနှင့် ရေလုပ်ငန်းဆိုင်ရာပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

သဘောတူစာချုပ်တွင် နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့် ဆက်စပ်သော ပင်လယ်ပြင် ငါးသယံဇာတ တည်ရှိမှု အကဲဖြတ်ဆန်းစစ်ခြင်း၊ ငါးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ်ပြင် ရေသယံဇာတ စီမံခန့်ခွဲမှု၊ တရားမဝင် ငါးဖမ်းစီးမှု တိုက်ဖျက်ရေး၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေး၊ ရေသတ္တဝါ မွေးမြူရေး လုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊ ငါးဖမ်းစီးခြင်းလုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသောငါးလုပ်ငန်းဆိုင်ရာကဏ္ဍများ၌ အပြန်အလှန် စိတ်ဝင်စားသော နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း သိရသည်။

(သတင်းစဉ်)