နေပြည်တော် ဖေဖော်ဝါရီ ၆
မြန်မာ-ရုရှား နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲညှိနှိုင်းမှုကော်မတီ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအပြင် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက In person ဖြင့် တက်ရောက်ကြပြီး ROSATOM မှ တာဝန်ရှိသူများက ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံအကြားရေးထိုးပြီး MoU အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နျူကလီးယားစွမ်းအင် ဆိုင်ရာ ဥပဒေမူဘောင်နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ နျူကလီးယားနည်းပညာရှင်များ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေရှည်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားသာယာဝပြောရေး အထောက်အကူပြု သိပ္ပံနှင့်နျူကလီးယားနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွးခဲ့ကြပြီး ဆွေးနွေးချက်များကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်