နေပြည်တော် ဇူလိုင် ၉

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ ဝင်များ၊ ရုရှားနိုင်ငံ ရုရှားတပ်မတော် သေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများ တက်ရောက်ကြသည်။

 

 ဖွင့်ပွဲအခမ်းအနားတွင် အလံတော်အဖွဲ့က မြန်မာ-ရုရှား  နှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ကာ နှစ်နိုင်ငံအလံအား လွှင့်ထူပြီး အလေးပြုကြကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော မြန်မာ-ရုရှား နှစ်နိုင်ငံ ဗိုလ်လောင်းများသည် သေနတ်ပစ်ပြိုင်ပွဲ အခမ်းအနားကျင်းပရာ စက်ပစ်ကွင်းအတွင်း နေရာယူကြပြီး ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် မီတာ ၃၀၀ ဗိုလ်လောင်းရိုင်ဖယ်ပစ်ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်းပစ္စတိုပစ်ပြိုင်ပွဲတွင် အသင်းလိုက်ပစ်ခတ်စဉ်များ၊ တစ်ဦးချင်း ပစ်ခတ်စဉ်များဖြင့် ပြိုင်ပွဲအမျိုးအစားအလိုက် ၃ ရက်ကြာ ယှဉ်ပြိုင်ခဲ့ကြသည်။

 

ယနေ့နံနက်ပိုင်းတွင် ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကိုကျင်းပ  ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် အသင်းလိုက်ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က အမှာစကားပြောကြား သည်။  

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများ စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံအလံအား အလံတော်အဖွဲ့က အလံချအခမ်းအနား ပြုလုပ်ပြီး ပြိုင်ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

 

အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို မြန်မာ-ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်းများ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံ သေနတ်ပစ် အားကစားနည်းစနစ် ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်များသေနတ်ပြိုင်ပွဲသို့ တက်ရောက်လာကြသော ရုရှားသေနတ်ပစ် အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV နှင့် နည်းပြအရာရှိများ၊ ပြိုင်ပွဲဝင် ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ရောက်ရှိစဉ် စူဠာမုနိကုသိုလ်တော်ဘုရား၊ ဗထူးစမ်းနှင့် ရပ်စောက် မြို့မဈေးသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)