ရန်ကုန် အောက်တိုဘာ ၁၁

 

မြန်မာ၊ ရုရှားနှင့် ဘယ်လာရုစ် သုံးနိုင်ငံ ချစ်ကြည်ရေးရိုးရာ တေးဂီတဖျော်ဖြေပွဲကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည်။

 

အဆိုပါဖျော်ဖြေပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovskiy နှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ အနုပညာရှင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အနုပညာဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

ဦးစွာ “ယဉ်ကျေးမှုဖလှယ်မှုမှသည် ချစ်ကြည်ရင်းနှီးမှုများဆီသို့” Video Clip ကို ဖွင့်လှစ်ပြသပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy က မိတ်ဆက်စကားပြောကြားကာ ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေမည့် အနုပညာရှင်များနှင့် မိတ်ဆက်ပေးသည်။

 

တင်ဆက်ကပြ

 

ဖျော်ဖြေပွဲတွင် ဘယ်လာရုစ် အနုပညာရှင်များက “ရုရှားနှင့် ဘယ်လာရုစ် - သွေးရင်းအစ်ကို ညီရင်းနှမတေးသီချင်း၊ Belarus and Myanmar တေးသီချင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ “အရုပ်နဲ့လူ ကကြိုးတူ (သူငယ်တော်အက)” ရုပ်သေး၊ “ခေါင်းလောင်းသံ” တေးသီချင်း၊ “ဘော်ဒကာတစ်ခွက်နဲ့ နှုတ်ဆက်မယ်”တေးသီချင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အဆိုရှင်စောဒယ်နီရယ်က “ပြုံးတုံ့လှယ်” တေးသီချင်း၊ “မျက်ဝန်း”တေးသီချင်း၊ ရုရှား သံရုံးမှ “လယ်ဘယ်ဒူးရှ်ကာ” အက၊ မြဝတီတေးဂီတအဖွဲ့က “မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း” တေးသီချင်း၊ “ကျူးလစ်ပန်း” တေးသီချင်း၊ “တို့ရွာနီ” တေးသီချင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ခေတ် (၆) ခေတ်အက၊ “ဪ တံစဉ် ကျွန်တော်တံစဉ်” တေးသီချင်း၊ “ကာလင်ကာ”အက၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ အဆိုရှင် လဝန်းမေက “မြစ်ရေသွင်သွင်” တေးသီချင်း၊ “မြန်မာ” တေးသီချင်း၊ “သင်္ကြန်” တေးသီချင်း၊ မြဝတီတေးဂီတအဖွဲ့က “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” တေးသီချင်း၊ ရုရှားသံရုံးမှ “ရီဗာရောနော့ခ်” တေးသီချင်း၊ “ပုဂံ” တေးသီချင်း၊ “အတူရှိမယ်မြန်မာ” တေးသီချင်း၊ “ကျွန်ုပ်တို့ မြန်မာပြည်” တေးသီချင်း၊ “ကာကျူးရှာ” တေးသီချင်း၊ “အမိမြေ” တေးသီချင်း၊ “ပန်းရောင်စုံ” တေးသီချင်းနှင့် “တောင်းဆုခြွေ” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကပြကြသည်။
 

 

ဂုဏ်ပြုလက်ဆောင်ပေး

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့အား ဘယ်လာရုစ်တေးဂီတအဖွဲ့ခေါင်းဆောင် Mr.Alexander Ostrovskiy က ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။ 

 

သတင်းစဉ်