နေပြည်တော်  ၃၀  အောက်တိုဘာ

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ (မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်သည့် သောင်းရင်းမြစ်ပေါ်၌ တည်ဆောက်ထားသော မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) (သောင်းရင်းမြစ်) တံတားဖွင့်ပွဲနှင့် Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါ တံတားပေါ်ရှိ ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

h+

အခမ်းအနားကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ် ဆောင်ရွက်ချက်များ Video Clip  ပြသဖွင့်လှစ်ပြီး ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရွှေလေးက နှစ်နိုင်ငံချစ်ကြည်ရေးတံတား တည်ဆောက်ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က  မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် ကုန်း၊ ရေ နယ်နိမိတ် ထိစပ်နေသည့်  အိမ်နီးချင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သလို နှစ်ရှည်လများ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံလျက်ရှိကြပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိတ်ဖက်နိုင်ငံများလည်း ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ (JBTC) ဖွဲ့စည်းထားရှိပြီး ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရေးအတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။

h++

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အဓိကကုန်သွယ်မှုလမ်းကြောင်းများမှာ တစ်နှစ်ထက် တစ်နှစ် တိုးတက်များ ပြားလာခဲ့ပြီး သယ်ယူပို့ဆောင်ရေး မြန်ဆန်လာရန် လိုအပ်လျက်ရှိပါကြောင်း။ မြန်မာနိုင်ငံ၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တို့အကြား ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် အမှတ်(၁) ချစ်ကြည်ရေးတံတားကို အသုံးပြုသည့် နှစ်နိုင်ငံ ကုန်သွယ်ရေး မော်တော်ယာဉ်များ တိုးတက်များပြားလာသဖြင့် ယခု အမှတ်(၂) ချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံအစိုးရ အကူအညီဖြင့် တည်ဆောက်ရန် ညှိနှိုင်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ (၁၉) ရက်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ တံတားပြီးမြောက်ခြင်းအခမ်းအနား ကျင်းပခဲ့ပါကြောင်း။

တံတားကြီး တည်ဆောက်ပေးနိုင်ရန် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီး ဌာနအောက်ရှိ လမ်းဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ ကူညီပံ့ပိုးပေးသူများအား အထူးကျေးဇူးတင် ရှိပါကြောင်း၊ မကြာသောကာလတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ပေါ်တွင်  နှစ်နိုင်ငံ ပြည်သူများ သွားလာအသုံးပြုသည်ကို တွေ့မြင်ရတော့မည် ဖြစ်ပါကြောင်း။

မြန်မာပြည်သူများနှင့်အတူ ထိုင်းနိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း အေးချမ်းသာယာပြီး ပြည့်စုံကုံလုံ ပေါကြွယ်ဝသည့် အနာဂတ်ဆီသို့အတူ လျှောက်လှမ်းနိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး  Mr. Saksayam Chidchob က ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန  ဝန်ကြီး Mr. Saksayam Chidchob နှင့် တာဝန်ရှိသူတို့က မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) (သောင်းရင်း မြစ်) တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နှစ်နိုင်ငံဝန်ကြီးများသည် နှစ်နိုင်ငံ ပူးပေါင်းကူးလူးဆက်သွယ်ရေး သမိုင်းစာမျက်နှာသစ် ကို ဖွင့်လှစ်ပေးသည့်အနေဖြင့် တံတားကြီးပေါ်မှ ကုန်စည်ပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ အစီအစဉ် ဒုတိယအပိုင်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ကျင်းပရာ ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဘက်ခြမ်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအုန်းလွင်က နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် Border Control Facilities (BCF) အဆောက်အဦ ကမ္ဗည်းမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး  Mr. Saksayam Chidchob တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မြန်မာဘက်ကမ်း Border Control Facilities (BCF) အား လွှဲပြောင်း ပေးအပ်သည်။

h0+

ထို့နောက် နှစ်နိုင်ငံဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) (သောင်းရင်းမြစ်)သည် မြန်မာနိုင်ငံ (မြဝတီ)နှင့် ထိုင်းနိုင်ငံ (မဲဆောက်)တို့ကို ဆက်သွယ်ကာ သောင်းရင်းမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားပြီး တံတားအရှည် (၇၆၀) မီတာ၊ တံတားအကျယ် (၁၇ ဒသမ ၂) မီတာ ရှိသည့် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ၊ Box Girder နှစ်လမ်းသွား တံတားဖြစ်ကာ နှစ်ဖက်ချဉ်းကပ်လမ်းများ ၊Border Control Facilities (BCF) များနှင့် Traffic Change Over စသည်တို့ ပြည့်စုံစွာထည့်သွင်းပြီး အဆင့်မြင့်နည်းပညာ (High Technology) များ အသုံးပြု၍ စံချိန်စံညွှန်း အရည်အသွေး ကောင်းမွန်စွာဖြင့် တည်ဆောက်ထားသော တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်