နေပြည်တော် ၁၉ ဇန်နဝါရီ 


မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်ထိ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဦးဆောင်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သော ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ သံမှူးကြီးနှင့် အလုပ်သမားသံအရာရှိ အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင် ၁၇ ဦးနှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Petcharat Sinauy ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင် ၁၈ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

12345


ယင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်သည့် MoU လုပ်ငန်း၊ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရေလုပ်ငန်းများ၌ လုပ်ကိုင်နေသော မြန်မာရေလုပ်သားများနှင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာရေလုပ်သားများ စေလွှတ်နိုင်ရေးကိစ္စရပ်များ၊ ဆေးစစ်ခြင်း၊ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ် သတ်မှတ်ခြင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ပြစ်မှုမှတ်တမ်း စစ်ဆေးခြင်း အပါအဝင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာအလုပ်သမားများအား ထိုင်းအလုပ်ရှင်များမှ လာရောက်ရွေးချယ်ခြင်းအတွက် ပြင်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


သတင်းစဉ်