နေပြည်တော် ၁၅ ဇန်နဝါရီ
မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်သည့် MoU လုပ်ငန်းစဉ်၊ ထိုင်းနိုင်ငံတွင်ရောက်ရှိလုပ်ကိုင်နေပြီး ပြည်ဝင်ခွင့်ဗီဇာနှင့် အလုပ်လုပ် ကိုင်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးတော့မည့် အလုပ်သမားများကို သက်တမ်းတိုးပေးနိုင်ရေး၊ ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ထိုင်းနိုင်ငံ ရေလုပ်ငန်းများ၌ လုပ်ကိုင်နေသော မြန်မာရေလုပ်သားများကိစ္စနှင့် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင် ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Suchat Pornchaiwiseskul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့သည်။
သန့်ဇော်