နေပြည်တော် ဖေဖော်ဝါရီ ၁၈
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ(၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက ကော်မတီ၏ လုပ်ငန်းတာဝန်များအား ကော်မတီဝင်များအားလုံးက ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် Fire Hotspot ဖြစ်ပေါ်မှု ၅၆၅၀၄ ကြိမ်ရှိပြီး ၂၀၂၄ ခုနှစ်တွင် ၅၁၀၉၁ ကြိမ် ဖြစ်ပေါ်ခဲ့သဖြင့် နှိုင်းယှဉ်ပါက ၅၄၁၃ ကြိမ် လျော့နည်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် Fire Hotspot ဖြစ်ပေါ်မှုမှာ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ၁၂၇၉ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၀၅၇ ကြိမ် ဖြစ်ပေါ်ခဲ့သည့်အတွက် နှိုင်းယှဉ်မည်ဆိုပါက ၂၂၂ ကြိမ် လျော့ကျခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ASMC website မှ ရရှိသည့် Fire Hotspot ဆိုင်ရာအချက်အလက်များအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမသီတင်းပတ်တွင် ၁၂၃ ကြိမ်၊ ဒုတိယ သီတင်းပတ်တွင် ၂၀၁ ကြိမ်၊ တတိယသီတင်းပတ်တွင် ၂၈၆ ကြိမ်နှင့် စတုတ္ထသီတင်းပတ်တွင် ၄၄၇ ကြိမ်ထိ တစ်ဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် ၂၅၅ ကြိမ်ဖြင့် အများဆုံးဖြစ်ပေါ်ခဲ့ပြီး ဒုတိယအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁၄ ကြိမ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နှစ်စဉ် နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလများတွင် Hotspot အရေအတွက် ပိုမိုများပြားလာနိုင်သည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပညာပေးဆွေးနွေးရေးနှင့် စစ်ဆေးရေးအဖွဲ့များအနေဖြင့် အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနှင့် လိုက်နာမှုရှိစေရေး ဆောင်ရွက်မှုများကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များကို ပေးပို့ရာတွင် အချက်အလက်၊ ကိန်းဂဏန်း၊ မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပေးပို့ကြရန် လိုအပ်ပါကြောင်း၊ ကုန်းမြင့်လယ်ယာဖော်ထုတ်မှု၊ လယ်ယာထွက် အမှိုက်များအား စုပုံမီးရှို့မှုမရှိစေရေး၊ တောမီးရှို့မှုမရှိစေရေး ပညာပေးဆွေးနွေးမှုစသည့် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု လျှော့ချနိုင်မည့်လုပ်ငန်းများအား ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ရွှေ့ပြောင်းတောင်ယာစနစ်မှ ကုန်းမြင့် လယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် နေရာနှင့် ရေအရင်းအမြစ်ရှိပါက ဆိုလာရေတင် စနစ်ကို ဆောင်ရွက်သင့်ပါကြောင်းနှင့် ကုန်းမြင့်လယ်ယာ ဆောင်ရွက်လိုသည့်နေရာများရှိပါက နည်းပညာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်