ကော့သောင်း ၂၇ မတ်
ယနေ့ကမ္ဘာ့နိုင်ငံတစ်ချို့တွင် ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး အမျိုးသားရေးအသွင်သဏ္ဍန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် မြန်မာနိုင်ငံကော့သောင်းမြို့ တွင် တာဝန်ရှိအဖွဲ့အစည်းများက တားဆီးကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာနေသဖြင့် မတ် ၂၆ရက် မွန်းလွဲပိုင်း က ကော့သောင်းခရိုင် COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှု ကော်မတီ ကြီးကြပ်ဦးဆောင်လမ်းညွှန်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် NGOအဖွဲ့များ ပူးပေါင်းကာ နေ့စဉ် လူအသွားအလာများပြားရာ နေရာများဖြစ်သည့် ကော့သောင်းမြို့ ရေဆိပ်မြို့မတံတား၊ ဓမ္မရုံကူးတို့ဆိပ်တို့တွင် ခရီးသွားပြည်သူများ အများဆုံးထိတွေ့ကိုင်တွယ် လေ့ရှိသည့် တံတားလက်ရမ်းသံဘောင်၊ သံတန်းများ၊ အဆောက်အဦနံရံများ၊ ပြည်သူများ နေ့စဉ် အသွားအလာ များပြားသည့်နေရာများဖြစ်သည့် ကော့သောင်းမြို့၊ မြို့မဈေးပတ်လမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်၊ လဟာပြင်ဈေး သား/ငါးရောင်းချသည့် နေရာတို့တွင် လမ်းနှင့် ဈေးကြမ်းပြင်များအား ရေဆေးကြော သန့်စင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ကြပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဈေးသည်များနှင့် ဈေးဝယ်လာသူများအား COVID-19ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ ဈေးဆိုင်များတွင် လက်ဆေးစင်၊ တစ်ရှူး၊ လက်ဆေးဆပ်ပြာရည်များထားရှိရေးနှင့် သတိပေးဗီနိုင်းများ ချိတ်ဆွဲဆောင်ရွက်ကြရန် နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


