မြဝတီ ၁၆ ဖေဖော်ဝါရီ
အကြိမ်(၂၀)မြောက် မြန်မာ-ထိုင်းချစ်ကြည်ရေး စက်ဘီးစီး ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်၌ ယနေ့ နံနက် ၇ နာရီ ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာ နိုင်ကျလိန်းစငွန်စက် နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြဝတီခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ တာ့ခ်ခရိုင် ကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌ ချဝတ်ကျလွန်ဖန့် နှင့် နှစ်နိုင်ငံ တာဝန်ရှိသူများက မြန်မာ-ထိုင်းချစ်ကြည်ရေး စက်ဘီးစီးပွဲတော်ဖွင့်ပွဲအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ စက်ဘီးစီးပွဲတော်တွင် ထိုင်းနိုင်ငံမှ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူစက်ဘီးစီးနင်းသူ ၁၅၀ဝ၊ မြဝတီမြို့မှ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူ ၅၀ဝ စုစုပေါင်းစက်ဘီးစီးနင်းသူ ၂၀ဝ၀ ဖြင့် မြဝတီမြို့၊အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ရွှေမြင်းဝန်စေတီ၊ မိကျောင်းကုန်းကျောင်းတိုက်၊ အမှတ်(၂)ချစ်ကြည် ရေးတံတား၊ ဝှေ့ရှမ်းကျေးရွာအထိ စီးနင်းပြီး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အခုက နှစ် ၂၀ ပြည့် စက်ဘီးစီးပြိုင်ပွဲက ထိုင်းမြန်မာချစ်ကြည်ရေးကို အရင်းခံပြီး စတင်ခဲ့တာ အခုက တော့ အစီးရေ ၂၀ဝ၀ လောက်ရှိပြီပေါ့၊ ခရီးသွားလုပ်ငန်းလည်း ဒီထက်ပိုမိုတိုးမြှင့်အောင်၊ နှစ်နိုင်ငံ ကုန်သည်လုပ် ငန်းရှင်များ အနေနဲ့လည်း ဒီထက်ပိုမို ပေါင်းစပ်လုပ်ကိုင်လာစေမှာပါ ၊ ကျောင်းသား၊ကျောင်းသူ အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးစေမှာ ဖြစ်ပါတယ်ဟု မြဝတီခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
