နန်နင်း ၂၇ နိုဝင်ဘာ
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ ချင်းရှုးတောင်၊ ကွမ်ရင်ကျောင်းတိုက်တွင် မြန်မာနိုင်ငံမှ လှူဒါန်းထားသော စကျင်ကျောက် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အနေကဇာတင် ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရွှေဆံနွယ်ဆရာတော် ဒေါက်တာအရှင်ဝါယာမာနန္ဒ၊ ရွှေဆံနွယ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ဇောတိက၊ အရှင်ဝိစိတ္တသာရ၊ ချင်းရှုးတောင်၊ ကွမ်ရင်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ရှင်ချန်ခိုင်နှင့် သံဃာတော်များ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် ဝန်ထမ်းများ၊ နန်နင်းမြို့တွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများနှင့် ပညာသင် မြန်မာကျောင်းသားများ တက်ရောက်ကြသည်။
ရွှေဆံနွယ်ဆရာတော်ဦးဆောင်သော သံဃာတော်များသည် နိုဝင်ဘာ(၂၄)ရက်က ကွေ့လင်မြို့၊ ချီရှာဗုဒ္ဓဘာသာကျောင်းတိုက်ရှိ တရုတ်-အာဆီယံ ဗုဒ္ဓဘာသာယဉ်ကျေးမှုဗဟိုဌာန (ကွေ့လင်)တွင် ကျင်းပပြုလုပ်သော မြန်မာကောင်စစ်ဝန်ချုပ်မှ ၎င်းကျောင်းတိုက်အတွက် ပူဇော်ခံရန် ဗုဒ္ဓဆင်းတုတော် လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း၊ ဆက်လက်၍ ၎င်းကျောင်းတိုက်တွင် ကျင်းပသည့် ဗုဒ္ဓဘာသာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ၎င်းကျောင်းတိုက်တွင် ပူဇော်ခံနိုင်ရန်အတွက် ထုလုပ်မည့် လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ နိုဝင်ဘာ(၂၅)ရက်ကလည်း ကွေ့လင်မြို့နယ်၊ ဟိုင်ရန်ကျေးရွာရှိ မင်ရှင်းဗုဒ္ဓဘာ သာကျောင်းတိုက်တွင် ပြုလုပ်သော ဗုဒ္ဓပူဇနိယ ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးခဲ့ကြောင်း၊ ဆက်လက်၍ ၎င်းကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်မည့် ရွှေတိဂုံပုံတူစေတီတော် တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ရွှေဆံနွယ်ဆရာတော်ဦးဆောင်သည့် သံဃာတော်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်းမြို့၊ ကွေ့လင်မြို့တို့တွင် နိုဝင်ဘာ(၂၁)ရက်မှ ယနေ့အထိ သာသနာပြုဓမ္မခရီးစဉ်အတွင်း ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုးသက်နောင်(Mofa)