နေပြည်တော် ၁၂ ဇွန်
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မတီ ပဉ္စမအကြိမ် အစည်းအဝေး (5th Myanmar-China Joint Committee Meeting on Economics, Trade and Technical Cooperation)ကို ယနေ့နံနက် ၈ နာရီခွဲနာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ Assistant Minister Mr. Li Chenggang နှင့်အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် Mr. Li Chenggang တို့က အဖွင့် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ထောင် ခြင်းဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ ၊ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေ(RMB) အသုံးပြုရန်ကိစ္စ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ၏ ဦးစားပေး ဝယ်သူ့ချေးငွေနှင့် သက်သာသောချေးငွေတို့ကို အသုံးပြုရေး ကိစ္စ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မနိုင်ငံတို့အကြား ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် စပ်လျဉ်း၍ အကျိုးရလဒ်များ ရရှိစေရန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အတွက် (၅)နှစ် ဖွံ့ဖြိုးမှု အစီအစဉ်ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စ ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်စီမံကိန်း၊ ရထားလမ်း၊ အမြန်လမ်း၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းနှင့် အခြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ မြန်မာ-တရုတ် နယ်စပ်ဒေသ စီးပွားရေးပူးပေါင်း ဆောင်ရွက် မှုဇုန်တည်ထောင်ခြင်းနှင့် တည်နေရာ သတ်မှတ်ခြင်းကိစ္စ၊ နှစ်နိုင်ငံအကြား အစား ထိုးသီးနှံ စိုက်ပျိုးမှုတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ ၊ မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ် ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ပုဂံဒေသရှိ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူညီချက်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်မည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်း ချုပ်ရေး ဗဟိုဌာနနှင့် ကျန်းမာရေး ဝန်ထမ်းသင်တန်းကျောင်း အကောင်အထည်ဖော်ရေး သဘောတူညီချက်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် အမျိုးသား အားကစားရုံ ပြင်ဆင်မွမ်းမံသည့်လုပ်ငန်း စီမံကိန်း အကောင်အထည်ဖော်ရေး နောက်ဆက်တွဲ သဘောတူညီချက်များကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသည် ပဉ္စမအကြိမ်မြောက် ကျင်းပသည့် အစည်းအဝေး ဖြစ်ပြီး ၂၀ဝ၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ၌လည်းကောင်း၊ ၂၀ဝ၈ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် တတိယ အကြိမ်အဖြစ် မြန်မာနိုင်ငံ၌လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၌လည်းကောင်း အလှည့်ကျ ကျင်းပခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)