နေပြည်တော် မတ် ၁၉

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်၍ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်၊ ရန်ကုန်ယူနန်လူမှုကူညီရေးအသင်း၊ မြန်မာ ဟုတ်ကြန့်(ဖူကင်) တရုတ်အမျိုးသားများအသင်း၊ မြန်မာနိုင်ငံကောင်းတုံကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းတို့ စုပေါင်း၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ငွေကျပ် ၄၇၅ သိန်းတန်ဖိုးရှိ ရွှေသင်္ကန်း ၁၉ ကျပ်သား ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရှေးဟောင်းတန်ဆောင်း၌ ကျင်းပ၍ လှူဒါန်းပူဇော်ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဆရာတော် ဒွိပိဋကဘဒ္ဒန္တအဂ္ဂသာမိ၊ ရွှေတိဂုံဩဝါဒါစရိယ လှရတနာ ဆရာတော်၊ ရွှေပြည်သာဆရာတော်တို့ ကြွရောက်ချီးမြှင့် တော်မူကြပြီး သီလဆောက်တည်ခြင်း၊ ဂေါပကအဖွဲ့ထံ ရွှေသင်္ကန်းများ ပေးအပ်လှူဒါန်းခြင်း၊ သာဓုအနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခြင်းနှင့် အလှူရှင်များက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ လိုအပ်သော ကိုယ်လုံးတော်၌ ရွှေသင်္ကန်းများ စုပေါင်းကပ်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်