ညောင်ဦး မေ ၁၇
မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် တရုတ်ခရီးသွားများ မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမိုင်းအထင်ကရဘုရားများ ဖူးမြော်လေ့လာပြီး သစ်ပင်စိုက်ပွဲတော်တွင် သစ်ပင်များစိုက်ခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့နှင့်ပူးပေါင်း၍ တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip)သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံခရီးစဉ်ဒေသသို့ ရောက်ရှိလာခဲ့ပြီး အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ သဗ္ဗညုဘုရားတို့အား ဖူးမြော်လေ့လာကြကာ ဦးဘငြိမ်း မြန်မာ့လက်မှုယွန်းထည်လုပ်ငန်းနှင့် အရောင်းပြခန်းရှိ ယွန်ထည်ပစ္စည်းများအား ကြည့်ရှုလေ့လာကြကာ ညနေပိုင်းတွင် နန္ဒာစားသောက်ဆိုင်ရှိ မြန်မာ့ရိုးရာ အမြင့်သဘင်ရုပ်သေးဖြင့် ကပြဖျော်ဖြေမှုများကို လေ့လာကြသည်။
မေ ၁၇ ရက် နံနက် ၇ နာရီတွင် အမှတ်(၆)ရပ်ကွက်ရှိ အောင်မြေသာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အမှတ်တရသစ်ပင်များစိုက်ကြရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်အောင်တို့မှ မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့ တရုတ်နိုင်ငံသူ/သားများ သစ်ပင်စိုက်နေမှုအား ကြည့်ရှုအားပေးကြကာ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ ရွှေစည်းခုံဘုရား၊ မနုဟာဘုရားတို့အား ဖူးမြော်လေ့လာကြပြီး အမှတ်(၅)ရပ်ကွက်ရှိ ရွှေဂူမိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား စာရေးကိရိယာများ ပေးအပ်ကြသည်။ ထို့နောက် ညောင်ဦးမြို့ မဏိစည်သူဈေးအား ဆက်လက်လေ့လာကြပြီး ညနေပိုင်းတွင် နန်းမြင့်မျှော်စင်ပေါ်မှ ပုဂံဒေသ၏ နေဝင်ဆည်းဆာအလှကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဒီပါလင်း


