နေပြည်တော် မေ ၂၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍  စတုတ္ထအကြိမ် မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါ ကုန်စည်ပြပွဲနှင့် ဆက်စပ်၍ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး ပွဲတစ်ရပ်ကို ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ရှိ Plenary Hall ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရုံးမှ စီးပွားရေးသံမှူး Mr. Tan Sufu တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်လင်ချန်းမြို့ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး လင်ချန်းမြို့ ပြည်သူ့အစိုးရ မြို့တော်ဝန် Mr. Du Jian Hui က တရုတ်-မြန်မာ - အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းသစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ တရုတ်လုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်